တရုတ်-အမေရိကန် ဖိအားတွေကြား ထွက်ပေါ်လာတဲ့ ကျားဖြန့်တိုက်ဖျက်ရေးဥပဒေသစ်

ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီကို တောက်လျှောက်တိုက်တွန်းခဲ့သလို၊ အမရိကန်အစိုးရကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေး အထူးအဖွဲ့နဲ့စုံစမ်းနေပါတယ်။

တရုတ်လိုကျားဖြန့် လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့ အမေရိကန်နဲ့ တရုတ်အစိုးရတွေက ဆောင်ရွက်လာတဲ့အချိန်မှာ၊ မြန်မာနိုင်ငံမှာလည်း အဲဒီငွေလိမ်ဂိုဏ်းတွေကို အရေးယူမဲ့ဥပဒေကြမ်းကို စစ်တပ်ခန့်အစိုးရက ပြဌာန်းဖို့ပြင်ဆင်နေပါတယ်။

ဒီဥပေဒေမှာ အခန်း ၁၃ ခန်းနဲ့ ပုဒ်မပေါင်း ၆၃ ခုအထိ ပါဝင်ပြီး အမြင့်ဆုံး သေဒဏ်အထိချနိုင်တဲ့အချက်ကိုလည်း ထည့်သွင်းရေးသားထားပြီး လာမဲ့ ဇွန်လဆန်းကျရင် နေပြည်တော် ပြည်ထောင်စုလွှတ်တော်မှာ ဆွေးနွေးအတည်ပြုဖို့ ရှိနေပါတယ်။

ဒီပြဿနာကို အမေရိကန်အပါအဝင် တစ်ကမ္ဘာလုံးက အာရုံစိုက်နေတာကြောင့် လုပ်ပြလာတာလို့ နိုင်ငံရေး သုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက RFA ကိုပြောပါတယ်။

“ဒါက တစ်ကမ္ဘာလုံးက အကြိုးသက်ရောက်မှုရှိတယ်လို့ ခံစားရပြီးတော့ အကုန်လုံးစိတ်ဝင်စားနေတာရော အွန်လိုင်းလိမ်လည်မှုနဲ့ ပတ်သက်ပြီးတော့ပေါ့နော် သတင်းတွေမှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တယ်။ နောက်ဆုံး အမေရိကန်နိုင်ငံလိုမျိုးကတောင်မှ သူတို့ရဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားထိခိုက်တယ်ဆိုတဲ့ဟာမျိုးထိ ပြောဆိုထားတဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် တစ်နိုင်ငံလုံး၊ တစ်ကမ္ဘာလုံးကစိတ်ဝင်စားနေတဲ့ ခေါင်းစဉ်တစ်ခုအဖြစ်သူတို့မြင်ပြီးတော့ ဒါကိုကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားတယ်ဆိုတဲ့သဘောလို့ နားလည်လို့ရတယ်”

မြန်မာ-တရုတ်-ထိုင်း နယ်စပ်ဒေသတွေက ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းဖို့ တရုတ်အစိုးရက စစ်ကောင်စီကို တောက်လျှောက်တိုက်တွန်းခဲ့သလို၊ အမရိကန်အစိုးရကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းတိုက်ဖျက်ရေး အထူးအဖွဲ့ (Scam Center Strike Force) အဖွဲ့ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာမှာဖွဲ့စည်းခဲ့ပြီး စုံစမ်းနေပါတယ်။

ကရင်ပြည်နယ်မှာ အခြေစိုက်ထားတဲ့ တိုင်ချန်းငွေလိမ်ဂိုဏ်းနဲ့ ပတ်သက်လို့ သတင်းပေးတဲ့သူကို ဒေါ်လာ ၁၀ သန်းအထိ ချီးမြှင့်မယ်လို့ လည်း ဧပြီလ ၂၃ ရက်နေ့ကကြေညာခဲ့ပါတယ်။

ဒါကြောင့် အခုလို ဥပဒေပြဌာန်းဖို့ပြင်နေတာဟာ တရုတ်နဲ့ အမေရိကန်တို့ရဲ့ ဖိအားတွေကို လျှော့ချနိုင်ဖို့ ရည်ရွယ် တာလို့ မြန်မာ့အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပါတယ်။

“ဟိုနေ့ကပဲ ထရမ့်ပြန်သွားတော့ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက သတင်းစာရှင်းလင်းပွဲမှာ တရုတ်နဲ့ အမေရိကန်နဲ့ ပူးပေါင်းပြီး နယ်ပယ်ပေါင်းစုံပေါ့နော် အဲဒီအထဲမှာ တရားဥပဒေအရေးလည်းပါတယ် အဲဒါကို ပူးပေါင်းလုပ် ဆောင်မယ် ပူးပေါင်းဖြေရှင်းမယ် အဲဒါမျိုးတွေ ပြောသွားတော့ ဖြစ်နိုင်ပါတယ်။ အမေရိကန်တို့ ဘာတို့ကလည်း ဝင်လာမှာ သူတို့ ကြောက်တယ်ထင်တယ်။ ဒါကြောင့် တရုတ်ခိုင်းတာတွေ လုပ်ပြတာထင်တယ် ကြည့်ရတာ”

စစ်တပ်ခန့်အစိုးရရဲ့ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဗဟိုကော်မတီကို ပြည်ထဲရေး၊ နိုင်ငံခြားရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးတွေ ဦးဆောင်မှာြဖစ်ပြီး၊ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ (INTERPOL)၊ အာဆီယံရဲတပ်ဖွဲ့ (ASEANAPOL) အပါအဝင် ဒေသတွင်းနဲ့ နိုင်ငံတကာက အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေး ဆောင်ရွက်မယ်လို့ ဥပဒေကြမ်းမှာ ထည့်သွင်းထားပါတယ်။

ဒါကလည်း အာဆီယံနဲ့ နိုင်ငံတကာ မှုခင်းနှိမ်နင်းရေးကွန်ရက်တွေမှာ စစ်တပ်ခန့် အစိုးရအနေနဲ့ သံတမန်ရေးအရ တန်းတူရည်တူပြန်လည်ပါဝင်ခွင့်ရရေးကြိုးပမ်းတာဖြစ်နိုင်တယ်လို့ လေ့လာသူတွေကပြောပါတယ်။

ပြစ်မှုနဲ့ ပြစ်ဒဏ်အပိုင်းမှာတော့ ကျားဖြန့်ဂိုဏ်း ဦးဆောင်သူ၊ အွန်လိုင်းလိမ်လည်မှုတွေမှာ ပါဝင်လှုပ်ရှားသူ၊ တရားမဝင် ဘဏ်စာရင်းနဲ့ တယ်လီဖုန်းဆင်းကတ်တွေ ရောင်းဝယ်စုဆောင်းသူတွေကို၊ ပြစ်မှုအမျိုးအစား အလိုက် အနည်းဆုံး ထောင် ၁ နှစ်ကနေ ထောင်တစ်သက်အပါအဝင် သေဒဏ်အထိချမှတ်နိုင်အောင်ရေးဆွဲထားပါတယ်။

အွန်လိုင်းလိမ်လည်မှု ကျူးလွန်ဖို့တွက် ဖမ်းဆီးချုပ်နှောင်ပြီး ညှင်းပန်းနှိပ်စက်လို့ လူသေဆုံးတဲ့အထိဖြစ်ရင် အဲဒီပြစ်မှုအတွက် သေဒဏ်တစ်မျိုးတည်းကိုပဲချမှတ်ရမယ်လို့ ဖော်ပြပါတယ်။

အခုလို ပြစ်မှုပြစ်ဒဏ်ကြီးမားတဲ့ဥပဒေကို ပြဌာန်ပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားတာဟာ နိုင်ငံတကာရဲ့ဖိအားတွေကြောင့်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ကိုပြောပါတယ်။

“ တရုတ်ကတောင်းဆိုသလို အမေရိကန်ကလည်း ဒီနိုင်ငံထဲက ကျားဖြန့် ဂိုဏ်းတစ်ခုကို ဆုကြေးထုတ်ပြန်တာလည်းရှိတာပေါ့နော်။ ဒီလိုမျိုး နိုင်ငံတကာဖိအားတွေလည်းပါတာပေါ့”

ဒီဥပဒေမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ငွေကြေးခဝါချမှုတွေကို စောင့်ကြည့်ထိန်းချုပ်ဖို့အပါအဝင် ဒီဂျစ်တယ်ငွေကြေးလိမ်လည်မှုတွေအတွက်လည်း (Crypto Scam) တင်းတင်းကျပ်ကျပ် တားမြစ်ထားပါတယ်။

ဒါဟာ နိုင်ငံတကာ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအဖွဲ့ (Financial Action Task Force - FATF) ရဲ့ အမည်ပျက် စာရင်းမှာ မြန်မာနိုင်ငံပါဝင်နေတဲ့အပေါ် ပြန်လည်ရုံးထွက်နိုင်ဖို့ ကြိုးစားလာတာလို့လည်း မြန်မာ့အရေးလေ့လာသူတွေကပြောပါတယ်။

အရှေ့တောင်အာရှမှာ အခြေစိုက်ထားတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ၂၀၂၅ ခုနှစ် တစ်နှစ်ထဲမှာပဲ အမေရိကန် နိုင်ငံသားတွေရဲ့ ငွေပေါင်း သန်း ခုနှစ်ထောင်ကျော်ခန့် အလိမ်ခံရတယ်လို့ အမေရိကန်အစိုးရကခန့်မှန်းထားပါ တယ်။

ဒါကြောင့် အမေရိကန် ရှေ့နေချုပ်ရုံး၊ တရားရေးဌာနရဲ့ ရာဇဝတ်ဌာနခွဲ၊ အမေရိကန် ထောက်လှမ်းရေးဗျူရို (FBI) နဲ့ US Secret Service (USSS)တို့ ပါဝင်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း တိုက်ဖျက်ရေးအထူးအဖွဲ့ (Scam Center Strike Force) ကိုဖွဲ့စည်းပြီး မြန်မာအပါအဝင် အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ တိုက်ဖျက်ရေး လုပ်ဆောင်နေပါတယ်။