ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်က အွန်လိုင်း ငွေလိမ် (ကျားဖြန့်) လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၅၂ ဦးနဲ့ ဝ လူမျိုး ၁ ဦးအပါဝင် စုစုပေါင်း ၅၆ ဦးကို မေလ ၄ ရက်နေ့က ဖမ်းဆီးရခဲ့တယ်လို့ စစ်တပ်ခန့်အစိုးရအဖွဲ့ပိုင်သတင်းစာတွေကနေ မေလ ၅ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အွန်လိုင်းကနေ ငွေကြေးလိမ်လည်တဲ့ ကျားဖြန့်လုပ်ငန်းတွေကို မိုင်းပန်မြို့ရဲ့ မြောက်ဘက်၊ ကျိုင်းတောင်း−မိုင်းပန်သွား ကားလမ်းအနီးမှာ ဝ မျိုးသား ၁ ဦး၊ ရှမ်း အမျိုးသမီး ၂ ဦးနဲ့ လားဟူ အမျိုးသမီး ၁ ဦးတို့ကိုအရင်ဆုံး ဖမ်းဆီးခဲ့ပြီး အဲဒီကနေမှတဆင့် တရုတ်နိုင်ငံသား ၅၂ ဦးကို ထပ်မံ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အွန်လိုင်း ငွေလိမ် လောင်းကစားမှု (ကျားဖြန့်) လုပ်ငန်း ပြုလုပ်ရာမှာ အသုံးပြုခဲ့တဲ့ အဆောက်အအုံတွေ၊ အလုပ်ရုံ ၃ ရုံနဲ့ လူနေတဲ ၈ လုံးအပြင် မီးရှို့ဖျက်ဆီးထားတဲ့ ကွန်ပျူတာတွေ၊ Starlink စက် ၄ လုံး၊ ပါဝါစတေရှင်နဲ့ မီးစက်တွေ၊ ဆက်စပ်ပစ္စည်းအားလုံးကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဖမ်းဆီးရမိသူတွေကို လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ကာ တည်ဆဲဥပဒေတွေနဲ့အညီ အရေးယူသွားမည်ဖြစ်ပြီး သိမ်းဆည်းရမိတဲ့ လုပ်ငန်းသုံး ပစ္စည်းတွေကိုလည်း လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ စစ်တပ်ခန့် အစိုးရအဖွဲ့က ပြောပါတယ်။
ကျားဖြန့်လုပ်ငန်းဦးဆောင်လုပ်သူတွေအများစုဟာ တရုတ်နိုင်ငံသားတွေ ဦးဆောင်လုပ်ကိုင်ကြတာ များတာကို တွေ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရန်ကုန်မြို့ခံတစ်ဦးက RFA ကိုပြောပါတယ်။
“အွန်လိုင်းငွေလိမ်လုပ်ငန်းဆိုတဲ့ ကျားဖြန့်လုပ်ငန်းတွေက အရင်လို နယ်စပ်တွေမှာချည်းမဟုတ်တော့ဘူး၊ ရန်ကုန်နဲ့ မန္တလေးလို မြို့ကြီးတွေအထိ စိမ့်ဝင်လာနေပြီ၊ တစ်နေရာဝင်စီးပြီး အဖမ်းခံလိုက်ရရင် နောက်တစ်နေရာရောက်သွားတာပဲလေ၊ နယ်စပ်တွေအပါဝင် ဖမ်းဆီးခံလိုက်ရတဲ့သူတွေရဲ့ အချက်အလက်တွေကို ကြည့်လိုက်ရင် နိုင်ငံခြားသားတွေများတယ်မလား၊ အထူးသဖြင့် တရုတ်နိုင်ငံသားတွေက ပိုများတယ်ဆိုတာတွေ့ရမှာပဲ။ အဲဒီထဲမှာမှ ဘာသာစကားနဲ့ နည်းပညာကျွမ်းကျင်တဲ့ လူငယ်တွေကို ပစ်မှတ်ထားငွေနဲ့စည်းရုံးပြီး အွန်လိုင်ကနေ လိမ်စားနေကြတာ၊ နေရာတိုင်းမှာ ပျံ့နေပါပြီ၊ KPay စတဲ့ လုပ်ငန်းတွေမှာလည်း ကျားဖြန့်သမားတွေရောက်နေကြပြီလေ”
မေလ ၁ ရက်နေ့ကလည်း ကွန်ဟိန်းမြို့နယ်၊ ကာလိမြို့ ဝမ်မိုင်ကျေးရွာအနီးက သံလွင်မြစ်ကူး ကူးတို့ဆိပ်မှာ တရားမဝင် ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံသား ၄၃ ဦးကိုလည်း ဖမ်းဆီးရမိခဲ့သေးတယ်လို့ သိရပါတယ်။
နယ်စပ်ဒေသက အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) တွေကို နှိမ်နင်းဖို့အတွက် တရုတ်၊ ထိုင်းနဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက် နေပြည်တော်မှာ ကျင်းပတဲ့ ကျားဖြန့်ဂိုဏ်းတွေ နှိမ်နင်းရေး အစည်းအဝေးမှာ ပြောဆိုထားပါတယ်။
