ရခိုင်က မြို့နှစ်မြို့ကို စစ်တပ်ဗုံးကြဲလို့ အရပ်သား ငါးဦးသေဆုံး

ပေါင် ငါးရာ ဗုံးသုံးလုံးကြဲချခံခဲ့ရတဲ့ မအီမြို့မှာ ဒေသခံ ငါးဦးသေဆုံး၊ ဘုန်းကြီးတစ်ပါးအပါအဝင် ၁၆ ဦးဒဏ်ရာရခဲ့။

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်က မအီမြို့နဲ့ သံတွဲမြို့တို့ကို ဇူလိုင်လ ၁၉ ရက် တစ်ရက်တည်းမှာပဲ စစ်တပ်က လေကြောင်းကနေ တိုက်လေယာဉ်တွေနဲ့ ဆက်တိုက် ဗုံးကြဲခဲ့တာကြောင့် အရပ်သား ငါးဦးသေဆုံးပြီး အယောက် နှစ်ဆယ်ထပ်မနည်း ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေက RFA ကို အတည်ပြုပြောပါတယ်။

ဇူလိုင် ၁၉ ရက်နေ့ မနက်ပိုင်းမှာ မအီမြို့နယ် အမှတ်(၂)ရပ်ကွက်ကို စစ်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ပေါင် ငါးရာဗုံးသုံးလုံးကြဲချခဲ့ရာမှာ ဒေသခံ ငါးဦးသေဆုံးကာ ဘုန်းကြီးတစ်ပါးအပါအဝင် ၁၆ ဦးဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

အလားတူ ညနေပိုင်းမှာတော့ သံတွဲမြို့နယ် အမှတ်(၂)ရပ်ကွက်၊ ရဲစခန်းနဲ့မြို့နယ်တရားရုံးတို့ကို ဂျက်တိုက်လေယာဉ်သုံးစင်းနဲ့ ပေါင် ၃၀၀ ဗုံးလေးလုံးကြဲချခဲ့တယ်လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

“မနက်ပိုင်းမှာ မအီကို ဗုံးကြဲတယ်။ ညနေ ၄ နာရီလောက်မှာ သံတွဲကို ကြဲတယ်။ သံတွဲဗုံးကြဲမှုကလည်း အသေအပျောက် ငါးဦး၊ ခြောက်ဦးလောက်ရှိနိုင်ပါတယ်။ ဆက်သွယ်ရေးလိုင်း အခက်အခဲကြောင့် အတိအကျတော့ ပြောလို့မရသေးဘူးပေါ့၊ မအီဗုံးကြဲတဲ့ ဖြစ်စဉ်မှာတော့ ထိခိုက်ဒဏ်ရာရတဲ့အထဲ ဝါ ၃၀ လောက်ရှိတဲ့ ရဟန်းတစ်ပါးလည်း ပါပါတယ်”

မအီမြို့ ဗုံးကြဲခံရမှုမှာ အသက် ၁၇ နှစ်အရွယ်ကနေ ၃၅ နှစ်အတွင်းရှိတဲ့ ကိုထွန်းလင်းဇော်၊ ကိုညီညီထွေး၊ မလပြည့်၊ ဒေါ်မူမူဌေးနဲ့ ဦးညီညီဇော်တို့ သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရထားသူတွေထဲမှာ အခြေအနေပြင်းထန်သူတွေ ပါတာကြောင့် အရေးပေါ် ဆေးကုသပေးနေတယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲ့ စစ်တပ်ခန့်ပြောခွင့်ရသူ ဦးမြင့်စိုးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်ထဲက မာန်အောင်၊ ကျောက်ဖြူနဲ့ စစ်တွေစတဲ့ သုံးမြို့နယ်က လွဲရင် ၁၄ မြို့နယ်ကို အာရက္ခတပ်တော်(AA)က ထိန်းချုပ်ထားတာ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ၂၀၂၆ ဇူလိုင်လ ၁၇ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းထားတဲ့ ငါးနှစ်ကျော်ကာလအတွင်း စစ်တပ် လက်ချက်နဲ့ အရပ်သား ပြည်သူစုစုပေါင်း ၈,၁၈၃ ဦး သေဆုံးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။