မြဝတီကျားဖြန့်ဂိုဏ်းခေါင်းဆောင် တရုတ်နိုင်ငံသားနှစ်ဦးကို အမေရိကန်တရားစွဲ

အွန်လိုင်းလိမ်လည်မှုတွေကြောင့် အမေရိကန်နိုင်ငံသားများစွာ ဒေါ်လာသန်းပေါင်းထောင်ချီ ဆုံးရှုံးနစ်နာနေရဟု အမေရိကန်ပြော။

ထိုင်းနယ်စပ်အနီး မြန်မာနိုင်ငံ ကရင်ပြည်နယ် မြဝတီမြို့နယ် မင်းလက်ပံရွာရှိ ရွှန်ဒါဥယျာဥ် (Shunda Park) စက်မှုဇုံက ကျားဖြန့်ငွေလိမ်ဂိုဏ်းကို ဦးဆောင်ခဲ့တဲ့ တရုတ်နိုင်ငံသား ဟောင်ရှင်းရှန်း (Huang Xing Shan) နဲ့ ကျန်းဝမ်ကျဲ (Jiang Wen Jie) တို့ကို အွန်လိုင်းငွေကြေးလိမ်လည်မှုနဲ့ ဧပြီလ ၂၃ ရက်နေ့က အမှုဖွင့် တရားစွဲဆိုလိုက်ပါတယ်။

ဒီနှစ်ယောက်ဟာ မင်းလက်ပံရွာကို မြန်မာစစ်တပ်က ၂၀၂၅ နိုဝင်ဘာလက မသိမ်းပိုက်မီအထိ ရွှန်ဒါ ကျားဖြန့်စခန်းကို ဦးဆောင်လည်ပတ်နေကြသူတွေဖြစ်ပြီး လက်ရှိမှာ နိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခံနေရသူတွေလို့ ဧပြီ ၂၃ ရက်နေ့မှာ ထုတ်ပြန် တဲ့ အမေရိကန် တရားရေးဌာန ဖမ်းဝရမ်းနဲ့ အမှုတွဲမှာ ဖော်ပြထားပါတယ်။

ဒီရွှန်ဒါကျားဖြန့်ဂိုဏ်းလို အွန်လိုင်းကနေ လိမ်လည်မှုတွေဟာ အလျင်အမြန်ကြီးထွားလာတဲ့ ဘဏ္ဍာရေး ရာဇဝတ်မှု ဖြစ်လာနေပြီး အမေရိကန်နိုင်ငံသားများစွာဟာ ဒီလိမ်လည်မှုတွေနဲ့ ဒေါ်လာသန်းပေါင်း ထောင်ချီပြီး ဆုံးရှုံးနစ်နာ နေရတယ်လို့ အမေရိကန်ရှေ့နေချုပ်က ဝါရှင်တန်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားပါတယ်။

တချိန်ထဲမှာလည်း ရွှန်ဒါကျားဖြန့်စခန်းက လိမ်လည် ရယူထားတဲ့ ခရစ်ပတိုငွေကြေး အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကိုလည်း ထိန်းချုပ်သိမ်းဆည်းနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း ဖော်ပြထား ပါတယ်။

ဒီနှစ်ဦးဟာ ၂၀၂၅ နိုဝင်ဘာမှာ မြဝတီဘက်ကနေ ကမ္ဘောဒီးယားနိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး ၂၀၂၆ နှစ်ဆန်းမှာ ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်မှုနဲ့ အဖမ်းဆီးခံရပြီး အခုအခါ အမေရိကန် နိုင်ငံကို လွှဲပြောင်း တရားစွဲဆိုနိုင်ဖို့ စီစဥ်နေတယ်လို့လည်း သိရပါတယ်။