ဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်မှု ရှိမရှိ စောင့်ကြည့်ရေး အာဆီယံဆွေးနွေး

အာဆီယံမှာ တင်းပြည့်ကျပ်ပြည့် ပြန်ပါဖို့အတွက် ဘုံသဘောတူညီချက် ၅ ရပ် တိုးတက် အကောင်အထည် ဖော်ဖို့လို၊ အမြဲတမ်းကိုယ်စားလှယ်ထားဖို့ ဆွေးနွေး။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာ့အရေးဖြေရှင်းနိုင်ဖို့ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရာမှာ တိိုးတက်မှုတွေကို စောင့်ကြည့်တိုင်းတာရေးအတွက် စံသတ်မှတ်ချက်တွေထားရှိဖို့ နဲ့ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်း အထူးကိုယ်စားလှယ်ခန့်အပ်နိုင်ရေး ဆွေးနွေးဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေက ဇူလိုင်လ ၂၁ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။

အာဆီယံ အဖွဲ့ဝင် ၁၁ နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေဟာ လက်ရှိအလှည့်ကျ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ၅၉ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ကျင်းပနေပြီး စစ်ရေးအရ ပြန်တင်းမာလာတဲ့ အီရန်စစ်ပွဲနဲ့ ဟောမုစ်ရေလက်ျားအရေး၊ မြန်မာပြည်တွင်း စစ်ပြဿနာနဲ့ တောင်တရုတ် ပင်လယ် အငြင်းပွားမှုတွေကို ပူးပေါင်းအဖြေရှာ ဆွေးနွေးကြတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ဘန်ကောက်မြို့မှာ အဆိုတင်ဆွေးနွေးခဲ့တာကို ပြန်လည်ဆွေးနွေးကြပြီး မြန်မာနိုင်ငံ အရေး အာဆီယံ မူဘောင်ထဲကနေ တိုးတက်မှုရှိမရှိ အဖြေရှာစောင့်ကြည့်ဖို့နဲ့ နှစ်စဥ် အထူးကိုယ်စားလှယ် တစ်ဦး ပြောင်းလဲနေတာကို ရပ်ပြီး ရေရှည် အထူးကိုယ်စားလှယ်ခန့်ထားဖို့တွေ ဆွေးနွေးခဲ့ကြတယ်လို့ လက်ရှိအာဆီယံအလှည့်ကျ ဥက္ကဋ္ဌနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်လည်းဖြစ်တဲ့ မာရီယာထရီဇာ လာဇရို (Theresa Lazaro) က ပြောပါတယ်။

“အစိုးရထိပ်သီးခေါင်းဆောင်တွေကို အမှန်တကယ် အလုပ်ဖြစ်မယ့် အကြောင်းအရာတွေကို အချက်ကျကျ ဆွေးနွေးဖို့ တာဝန်ပေးထားပြီး ဒီအချက်တွေကို အသေအချာ ဂရုတစိုက်ဆွေးနွေးကြပါတယ်။ ဒီကနေမှာ နိုဝင်ဘာမှာ ကျင်းပမယ့် အာဆီယံထိပ်သီးညီလာခံမှာ အဖြေကောင်းတစ်ရပ် တင်ပြဆုံးဖြတ်နိုင်မှာမို့ပါ”

ဒီထိပ်သီး အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာ‌ဂေ လာဗရော့ နဲ့ ဂျပန်၊ သြစတေးလျ၊ ကနေဒါနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး တွေလည်း တက်ရောက်တယ်လို့ သိရပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာနိုင်ငံက နိုင်ငံခြားရေးဌာန အမြဲတမ်းအတွင်းဝန် ဦးဟောက်ဒိုဆွမ်း တက်ရောက် ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်ဖြစ်တဲ့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မစ္စလာဇရို ဟာ တခြား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေနဲ့အတူ ဇူလိုင်လ ၁၂ ရက်နေ့က စစ်တပ်ခန့် မြန်မာအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ ဘန်ကောက်မြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေး ခဲ့ပြီး ဇူလိုင် ၁၃ ရက်နေ့မှာ မြန်မာနိုင်ငံက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ၅ ခုနဲ့ ထိုင်းနိုင်ငံ ပတ္တရားမြို့မှာ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ အဲဒီနောက် NUG နဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေး လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ ထုတ်ပြန်တောင်းဆိုထားပါတယ်။

၁၁ နိုင်ငံပါဝင်တဲ့ အာဆီယံနိုင်ငံများအဖွဲ့ဟာ မြန်မာနိုင်ငံမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပြီး အာဆီယံထိပ်သီးညီလာခံတွေမှာလည်း အဆင့်မြင့်ခေါင်းဆောင်တက်ရောက်ခွင့်ကို ကန့်သတ်ထားခဲ့ပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းအပြီး ပထမဆုံးကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့ခွင့်ရတဲ့ ဆွေးနွေးပွဲမှာ အာဆီယံက ဘုံသဘောတူညီချက် ၅ ရပ်ကို တစ်ညီတစ်ညွတ်ထဲ ချမှတ်ခဲ့ပါတယ်။ ဒါပေမယ့် အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဒီအချက်တွေကို တစ်ချက်မှ အကောင်အထည်ဖော်ခြင်းမရှိခဲ့တဲ့အတွက် အာဆီယံကလည်း အကောင်အထည်ဖော်ဖို့ မပြတ်တိုက်တွန်းနေခဲ့ပြီး သံတမန်ရေးအရ တစ်ဆင့်နှိမ့်ဆက်ဆံလာတာ အခုအချိန်အထိ ဖြစ်ပါတယ်။