ပြည်သူရှိနေသရွေ့ NLD ပါတီ ဆက်ရှိနေမည်ဖြစ်ကြောင်း NUG ယာယီသမ္မတပြော

RFA Burmese
2023.09.27
ပြည်သူရှိနေသရွေ့ NLD ပါတီ ဆက်ရှိနေမည်ဖြစ်ကြောင်း NUG ယာယီသမ္မတပြော ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးနေကြသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝန်းရံသူများအား ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့က တွေ့ရစဉ်။
Ye Aung Thu / AFP

၁၉၈၈ ခုနှစ် လူထုအုံကြွမှုအပြီး စက်တင်ဘာလ ၂၇ ရက်မှာ စတင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် (NLD) ပါတီဟာ စက်တင်ဘာ ၂၇ ရက်မှာ ၃၅ နှစ် ပြည့်မြောက်ခဲ့ပါပြီ။

NLD ပါတီဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ၊ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ တွေမှာ သောင်ပြိုကမ်းပြို လူထုထောက်ခံမှုရခဲ့သလို ခေတ်အဆက်ဆက်မှာ စစ်အစိုးရတွေရဲ့ မျက်မုန်းကျိုး ဖိနှိပ်မှုတွေကို ဒီနေ့အထိ ကြုံနေရတဲ့ ပါတီတစ်ခုဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်တပ်အာဏာသိမ်းပြီးနောက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ပါတီခေါင်းဆောင်တွေ ဖမ်းဆီးထောင်ချခံထားရတာပါ။ ဒါပေမဲ့ ပြည်သူရှိနေသရွေ့ ပါတီက ဆက်လက်ရှိနေဦး မှာပဲလို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အွန်လိုင်းစနစ်နဲ့ စက်တင်ဘာ ၂၇ ရက်မှာ ပြုလုပ်တဲ့ ပါတီတည်ထောင်ခြင်း ၃၅ နှစ်မြောက် အခမ်းအနားမှာ ပြောပါတယ်။

"၁၉၈၈ လူထုအရေးတော်ပုံ ကာလကနေ အခုနွေဦးတော်လှန်ရေးအထိ NLD ရဲ့ နိုင်ငံရေးအရ စွန့်လွှတ်အနစ်နာ ခံမှုတွေဟာ တိုင်းတာပြဖို့ ခဲယဉ်းပါတယ်။ တိုင်းပြည်ရဲ့ လူထုအတွက် ဒီမိုကရေစီလှုပ်ရှားမှုကို နိုင်ငံရေးတပ်ဦး ကနေ ချီတက်လျှောက်လှမ်းရာ မှာ ဖြောင့်ဖြောင့်မတ်မတ် ရှိခဲ့လို့ ကျွန်တော်တို့အနေနဲ့ လေးစားဂုဏ်ယူကြောင်း ပြောလိုပါတယ်။ မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က နိုင်ငံတော်အာဏာကို လက်နက်အားကိုးပြီး အဓမ္မရယူ ဖို့ ကြိုးစားချိန်မှာ နိုင်ငံခေါင်းဆောင်တွေ ဖြစ်တဲ့ အဖွဲ့ချုပ်ရဲ့ ပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ အားလုံး အသိပဲ ဖြစ်ပါတယ်။ ပါတီခေါင်းဆောင်တွေ ဖမ်းဆီးခံထားရပေမယ့် အဖွဲ့ချုပ်အနေနဲ့ ပြိုပျက်သွားတာ မရှိဘဲ ပြည်သူ့အကျိုးအတွက် ဒီမိုကရေစီအရေးအတွက် မယိမ်းမယိုင် မားမားမတ်မတ် ရပ်တည်နေတာဟာ ဂုဏ်ယူဖွယ်ရာ ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပဲ ပြည်သူရှိနေ သရွေ့ ပါတီရှိနေမယ်ဆိုတဲ့ စကားက သက်သေပြနေတာလို့ ယူဆပါတယ်"

NLD ပါတီအနေနဲ့ နိုင်ငံရေးသမိုင်းမှာ ဖျောက်ဖျက်ပစ်လို့မရတဲ့ သမိုင်းမှတ်တိုင် အမြောက်အမြား ရှိခဲ့သလို အခုနွေဦးတော်လှန်ရေးမှာလည်း အထင်ကရ သမိုင်းမှတ်တိုင်တွေကို စိုက်ထူနေတယ်လို့ သူက ဆိုပါတယ်။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း နေပြည်တော်တွင် NLD ပါတီ ဝန်းရံသူများအား လက်ပြနှုတ်ဆက်နေသည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP)
၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း နေပြည်တော်တွင် NLD ပါတီ ဝန်းရံသူများအား လက်ပြနှုတ်ဆက်နေသည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (Photo: AFP)

စစ်ကောင်စီက NLD ပါတီဝင်တွေကို ဖမ်းဆီးရုံသာမက ပါတီကို ဖျက်သိမ်းဖို့အထိ ကြိုးပမ်းနေပေမယ့် ဘုံရည်မှန်းချက်အဖြစ် စစ်ကောင်စီဖြုတ်ချရေးကို ဆက်လုပ်သွားမယ်လို့ NUG အစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

"ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကို ဖမ်းဆီးတာ၊ ပါတီဝင်တွေနဲ့ လွှတ်တော်အမတ် တွေကို ဥပဒေမဲ့ လိုက်လံ ဖမ်းဆီးတာ၊ ဖမ်းမိသူတွေကို စစ်ကြောရေးစခန်းတွေမှာ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာနဲ့ ပါတီရုံးတွေကို ကျူးကျော်ဝင်ရောက်ပြီး ပါတီပိုင်ပစ္စည်းတွေကို သိမ်းဆည်းတာတွေအပြင် မီးရှို့ဖျက်ဆီးတာတွေကို ဆက်တိုက်လုပ်ဆောင်နေပြီး အဖွဲ့ချုပ်ကို အလုံးစုံဖျက်ဆီးဖို့ ကြိုးပမ်းအားထုတ် နေတယ်။ အဖွဲ့ချုပ်ကြီး ပျက်သုဉ်းဖို့အတွက် စစ်ကောင်စီအနေနဲ့ မည်သို့ပင် ကြိုးပမ်းပါစေ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အဖွဲ့ဝင်တွေ အနေနဲ့ နေရာစုံ၊ ကဏ္ဍစုံကနေ အခက်အခဲ အန္တရာယ်မျိုးစုံကြားကနေ ဘုံရည်မှန်းချက်တူ အခြားသော နိုင်ငံရေးအစုအဖွဲ့တွေနဲ့ ပူးပေါင်းကာ နွေဦးတော်လှန်ရေးကို ဆင်နွှဲနေတဲ့အတွက် အားလုံးကို လေးစားဂုဏ်ယူကြောင်း ပြောလိုပါတယ်"

ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းကတော့ NLD ပါတီ ဖြတ်သန်းခဲ့တဲ့ ၃၅ နှစ်တာ ကာလအတွင်း နိုင်ငံရေးခရီးကြမ်းတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တာဟာ ခိုင်မာတဲ့မူဝါဒနဲ့ ရပ်တည်ချက်တွေကြောင့်လို့ ပြောပါတယ်။

“ဟိုးတုန်းကာလတွေဆိုရင်လည်း လာပြီးတော့ ဖမ်းမယ်၊ ဆီးမယ်ဆိုတာ သိသိနဲ့ ကိုယ့်ဟာကိုယ် အိပ်ရာလိပ်ပြင်၊ အထုပ်ပြင်ပြီးတော့ ထိုင်စောင့်ခဲ့တဲ့ ရပ်တည်ခဲ့ မှုတွေလည်းပါတယ်။ နောက်တစ်ခုကတော့ တိုင်းရင်းသားတွေနဲ့ နောက်ပိုင်းတွေမှာ အချို့သောနားလည်မှုတွေ လွဲမှားတာရှိပေမယ့်လို့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်း သားတွေ၊ ပါတီတွေနဲ့အတူ ရပ်ခံခဲ့တာတွေကလည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရေရှည်သွားနိုင်ခဲ့တဲ့ အချက်တွေ ဖြစ်ပါတယ်။ အထူးအားဖြင့် ချမှတ်ထားတဲ့မူ တွေမှာ ဒီမိုကရေစီအရေးနဲ့ပတ်သက်တာ၊ ဖက်ဒရယ် ရေးနဲ့ပတ်သက်တာတွေ ခိုင်ခိုင်မာမာ ရပ်တည်နိုင်တဲ့အတွက်လည်း လူထုရဲ့ထောက်ခံမှုကို ရတာ ဖြစ်ပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်နေမှုကိုလည်း ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီအနေနဲ့ ထောက်ခံရပ်တည်တယ်လို့ သူက ပြောပါတယ်။

"၁၉၈၈ လူထုအရေးတော်ပုံ ကာလကနေ အခုနွေဦးတော်လှန်ရေးအထိ NLD ရဲ့ နိုင်ငံရေးအရ စွန့်လွှတ်အနစ်နာခံမှုတွေဟာ တိုင်းတာပြဖို့ ခဲယဉ်းပါတယ်"

ရခိုင့်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်ကတော့ NLD ပါတီရဲ့ နိုင်ငံရေး ဖြတ်သန်းမှုက အနိမ့်၊ အမြင့် ရှိခဲ့ပေမယ့်လည်း နိုင်ငံရေးအမှားတွေကို နောင် မဖြစ်အောင်သတိပြုဖို့ လိုတယ်လို့ ပြောပါတယ်။

“ကိုယ့်နောင်လာသားသမီးတွေအတွက် သွေးမြေကျမှုကင်းချင်တယ်ဆိုရင်၊ ပဋိပက္ခ သံသရာထဲက ရုန်းထွက် ချင်တယ်ဆိုရင် ရင်ဘတ်ကြီးကြီးနဲ့ အမြင်ကျယ်ကျယ်နဲ့ တစ်ဖက်နဲ့ တစ်ဖက် အာဃာတမထားဘဲနဲ့ သင်ပုန်းချေ နိုင်ရမယ်။ ဒီနည်းလမ်းကို အားလုံး ကို ရွေးနိုင်ခဲ့ရင်တော့ ၃၅ နှစ်တာကာလဖြတ်သန်းလာခဲ့တဲ့ NLD ရဲ့ သမိုင်းရော၊ အဲဒီလိုပဲဖြတ်သန်းလာခဲ့တဲ့ SNLD ရော၊ နောက်နှစ်ပေါင်း ၇၀ ကျော်ကြာပြီဖြစ်တဲ့ မြန်မာ့တပ်မတော်ရဲ့ သမိုင်းရော၊ လက်နက်ကိုင် တပ်ဖွဲ့အကြီး၊ အသေး၊ အလတ်တွေရော လက်နက်ကိုင်ပဋိပက္ခတွေမဲ့တဲ့၊ အာဃာတတွေမဲ့တဲ့ အခြေခံ ဥပဒေအရ တန်းတူပေးတဲ့ နိုင်ငံသစ်ကြီးကိုတည်ဆောင်ချင်ရင် တွေ့ဆုံဆွေးနွေးတဲ့ လမ်းကြောင်းကိုသွားမှ ဖြစ်မယ်”

နိုင်ငံရေးလေ့လာ သုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ဟာ နှစ်နှစ်ခွဲကျော်အတွင်း နိုင်ငံတကာနဲ့ သံတမန်ရေးကိစ္စတွေမှာ ကြီးမားတဲ့ တိုးတက်ပြောင်းလဲမှုတွေ တွေ့နေရတယ်လို့ ဆိုပါတယ်။

"NUG ဟာ ဒီသုံးနှစ်လောက်အတွင်းမှာ အတော့်ကို ကြီးမားတဲ့ တိုးတက်မှုတွေ ရတယ်။ သံတမန်ရေးနယ်ပယ်မှာ တိုးတက်မှုတွေ အများကြီးရှိပါတယ်။ နိုင်ငံအများစုက NUG ကို အသိမှတ်ပြုတဲ့ အဆင့်ထိ မရောက်ပေမယ့် စာနာနားလည်ထောက်ခံမှုတွေ အသွင်အမျိုးမျိုးနဲ့ ဆောင်ရွက်ပေမယ့်လည်း NUG ရဲ့ သံတမန်ရေး အတော်လေး အောင်မြင်တယ်လို့ ကျွန်တော်က သုံးသပ်ပါတယ်"

NLD ပါတီဝင်အများစုဟာ ထောင်တွင်းမှာပဲ အချိန်ကုန်ဆုံးခဲ့ကြပေမယ့် တစ်ကျော့ပြန် အာဏာ သိမ်းမှုမှာတော့ အရင်ကနဲ့ မတူညီဘဲ လူထုကို ဆက်ဦးဆောင်နေတဲ့ NUG အစိုးရ ပေါ်ပေါက်လာတာလို့ သူက ဆိုပါတယ်။

NlD ပါတီရဲ့ ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးကတော့ အခြေခံလူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ အရေးတို့ပါဝင်တဲ့ ပါတီရဲ့ အနာဂတ်ရည်မှန်းချက်အတိုင်း ဆက်သွားမယ်လို့ ပြောပါတယ်။

“အခြေခံ လူ့အခွင့်အရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီအရေးတို့ကို ဦးတည်ချက်များ ထားပြီးတော့ ပြည်သူလူထုကို ဖိနှိပ်မယ့် အာဏာရှင်ဆန်တဲ့ နိုင်ငံရေးစနစ်မျိုး မည်သည့်အခါမှ မရှိစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်သွားဖို့ကို မူလ စတင် ဖွဲ့စည်းကတည်းက ရည်ရွယ်ချက် ထားရှိပါတယ်။ ဒီပန်းတိုင်ကို သွားရာမှာ ပြည်သူလူထု ဆန္ဒကိုပဲ အခြေခံပြီးတော့ ပြည်သူလူထုရဲ့ ထောက်ခံမှုကို ရယူမယ်။ ပြည်သူလူထုရဲ့ ညီညွတ်မှုအားတွေနဲ့ပဲ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်ကို တည်ဆောက်ရေးပဲ ဖြစ်ပါတယ်”

စစ်တပ်က အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်ကာလမှာ လွှတ်တော်အမတ်တွေ အပါအဝင် NLD ပါတီဝင် ၂၀၀၀ နီးပါးကို စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ NLD လူ့အခွင့်အရေးချိုးဖောက်မှုများ မှတ်တမ်းတင်ကောက်ယူရေးအဖွဲ့ (HRDT-NLD) က ဒီနေ့မှာ ထုတ်ပြန်ပြောဆိုပါတယ်။

ဒါ့အပြင် နိုင်ငံတစ်ဝန်းက NLD ပါတီရုံးတွေ အကြိမ် ၁၆၀ တိုက်ခိုက်ဖျက်ဆီးခံခဲ့ရသလို လွှတ်တော်အမတ် ၁၈၂ ဦး အပါအဝင် ပါတီဝင် ၃၇၃ ဦးရဲ့ အိမ်၊ ခြံ၊ မြေ စုစုပေါင်း ၃၉၀ ခု၊ လုပ်ငန်းပိုင်ဆိုင်မှု ၆၄ ခုနဲ့ မော်တော်ယာဉ် ၁၆ စီး ချိပ်ပိတ်သိမ်းယူခံခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။ လွှတ်တော်အမတ် သုံးဦး ပါအဝင် ပါတီဝင် ပေါင်း ၁၀၀ ကတော့ သတ်ဖြတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ကိုသိရဖို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။