မြန်မာ့အရေးဖြေရှင်းဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်အားစုတွေပါရေး NLD တောင်းဆို

အကြမ်းဖက်မှုရပ်တန့်ရေး၊ နိုင်ငံရေးအကျဥ်းသားလွှတ်ရေး၊ လူသားချင်းစာနာမှုရရေးနဲ့ အားလုံးပါတဲ့တွေ့ဆုံဆွေးနွေးရေး မရှိမဖြစ်လိုဟုဆို။

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအင်အားစုတွေ လွတ်လပ်စွာ ပါဝင်ဆွေးနွေးနိုင်တဲ့ ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်ရေး လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်ကော်မတီက ဇူလိုင်လ ၂၀ ရက်နေ့မှာ အာဆီယံနိုင်ငံတွေကို ကြေညာချက် ထုတ်ပြန်တောင်းဆို လိုက်ပါတယ်။

အဲဒီလို ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးနိုင်မှသာ မြန်မာ့ပဋိပက္ခချုပ်ငြိမ်းရေးကို အရှိန်မြှင့်နိုင်မှာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားတွေကို ဆက်လက်ဖမ်းဆီးထားတာက မြန်မာ့အကျပ်အတည်းဖြေရှင်းရေးကို အဓိက အတားအဆီး တစ်ရပ် ဖြစ်နေတယ်လို့ ဖော်ပြပါတယ်။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်း ဖြေရှင်းရမှာဖြစ်ပြီး တွေ့ဆုံညှိနှိုင်း အဖြေရှာရေးမူကို စွဲကိုင်ထားတယ်လို့လည်း NLD က ပြောပါတယ်။

အားလုံးပါဝင်ရေးဆိုတဲ့ အခြေခံမူဟာလည်း သက်ဆိုင်သူအားလုံးရဲ့ ယုံကြည်မှုကို အခြေခံရမှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားအင်အားစုတွေ အပြည့်အဝ မပါဝင်တဲ့ ဘယ်နိုင်ငံရေးဖြစ်စဉ်မျိုးဆို ပြည်သူရဲ့ လက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အပြည့်အဝ ရရှိဖို့ ခက်ခဲလိမ့်မယ်လို့လည်း ဆိုပါတယ်။

လက်ရှိမှာ အာဆီယံရဲ့ ထိတွေ့ဆက်ဆံရေးမူဝါဒက လက်တွေ့ဆန်တဲ့ နိုင်ငံရေးဖြေရှင်းမှုကို ဦးတည်စေနိုင်ပေမဲ့ အတုအယောင်ရွေးကောက်ပွဲကပေါ်လာတဲ့ အုပ်ချုပ်ရေးကို အသိအမှတ်ပြုတဲ့အဆင့် ရောက်မသွားစေဖို့ အရေးကြီးတယ်လို့လည်း NLD က သတိပေးပါတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာ့အရေး ဖြေရှင်းရာမှာ အဓိကမူဘောင်အဖြစ် ဆက်လက် တည်ရှိကြောင်း ထပ်မံအတည်ပြုခဲ့တာကို ကြိုဆိုကြောင်းနဲ့ ဒီသဘောတူညီချက်တွေကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်တာဟာ မြန်မာ့ပဋိပက္ခဖြေရှင်းရေးအတွက် အထောက်အကူဖြစ်စေမယ်လို့ လည်းဆိုပါတယ်။

အရပ်သားတွေကို အကြမ်းဖက်မှုတွေရပ်တန့်ရေး၊ နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊ လူသားချင်းစာနာမှုအကူအညီတွေ ရရှိရေးနဲ့ အားလုံးပါဝင်သောတွေ့ဆုံဆွေးနွေးရေးတို့ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိအကျပ်အတည်းကို ဖြေရှင်းရာတွင် မရှိမဖြစ်လိုအပ်တယ်လို့ NLD က ပြောပါတယ်။

ဒီထုတ်ပြန်ချက်ဟာ အာဆီယံက မြန်မာ့အရေးအတွက် ထိတွေ့ဆက်ဆံရေးကို ဆက်လက်လုပ်ဆောင်နေပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်ကိုင်စွဲမယ်လို့ ထပ်လောင်းအတည်ပြုထားတဲ့ နောက်ပိုင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒါကြောင့် အခုလိုထုတ်ပြန်တာဟာ အာဆီယံရဲ့ မြန်မာ့အရေးဆောင်ရွက်မှုမှာ NLD နဲ့ တခြားနိုင်ငံရေး အင်အားစုတွေကို ချန်လှပ်မထားဖို့ ရည်ရွယ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက RFA ပြောပါတယ်။

“အဓိကကတော့ အာဆီယံအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်တဲ့အခါ NLD ခေါင်းဆောင်တွေနဲ့ ကျန်နိုင်ငံရေးအင်အားစုတွေ ပါဝင်နိုင်ရေးသူတို့ရဲ့ သဘောထားကို သိဖို့ ရည်ရွယ်တာလို့ ထင်တယ်။ NLD က ပြောထားသလိုပဲ အာဏာရ NLD အစိုးရဆီကနေ အာဏာသိမ်းထားတာ ဖြစ်တဲ့အတွက် မြန်မာ့အရေးထိတွေ့ဆွေးနွေးကြတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုတွေ မပါဝင်ဘဲ နိုင်ငံရေးအဖြေ ရှာလို့ မရနိုင်ပါဘူး။ ဆိုရရင် အရင်ရက်က ဘန်ကောက်တွေ့ဆုံမှုမှာ အာဆီယံအနေနဲ့ NUG၊ NLD အပါ ကျန်တဲ့ ဗမာပြည်မက နိုင်ငံရေးအင်အားစုတွေကို ချန်ပြီး တွေ့ဆုံတဲ့အပေါ် အာဆီယံကို နောင် မဖြစ်စေဖို့ တိုက်တွန်းတာပါပဲ”

စစ်တပ်ခန့်အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးတင်မောင်ဆွေနဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဇူလိုင်လ ၁၂ ရက်နေ့က အလွတ်သဘော တွေ့ဆုံပြီး အာဆီယံဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တိုက်တွန်းခဲ့တာပါ။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့လည်း အာဆီယံ အထူးကိုယ်စားလှယ် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ထရီဆာ လာဇာရို (Theresa Lazaro )တို့ ဇူလိုင် ၁၃ ရက်မှာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

အာဆီယံကတော့ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ စစ်တပ်ခန့် အစိုးရကို တိုက်တွန်းထားပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အာဆီယံအထူးကိုယ်စားလှယ်တို့ တွေ့ခွင့်ရရေး အတွက်လည်း ထပ်မံတောင်းဆိုထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းကတည်းက ဖမ်းဆီးခံထားရတာဖြစ်ပြီး NLD ကတော့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရာမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအင်အားစုတွေ ပါဝင်ဖို့ အစဉ်တစိုက် တောင်းဆိုနေပါတယ်။