မြန်မာစစ်ခေါင်းဆောင်သစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ အိန္ဒိယရေတပ် ဦးစီးချုပ် ဒီးနက်ရှ် ကူးမား ထရီပါသီ (Dinesh Kumar Tripathi) တို့ မေလ ၄ ရက်နေ့က နေပြည်တော်မှာတွေ့ဆုံစဉ် နယ်စပ်လုံခြုံရေး တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တယ်လို့ မြန်မာစစ်တပ်က သတင်းထုတ်ပြန်ပါတယ်။
ဒီအပြင် နှစ်နိုင်ငံနယ်စပ်ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေ မရှိစေရေး လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့အတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပတ်သက်လို့ မြန်မာစစ်တပ်က အကြမ်းဖက်သောင်းကျန်းသူတွေလို့ သုံးနှုန်းဖော်ပြခဲ့တာ တွေ့ရပါတယ်။
နယ်စပ်လုံခြုံရေးအပြင် နှစ်နိုင်ငံရေတပ် စစ်ရေးလေ့ကျင့်ရေး ပူးပေါင်းဆောင်ရွက်ဖို့နဲ့ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။
အိန္ဒိယ ရေတပ်ဦးစီးချုပ်ရဲ့ မြန်မာခရီးစဉ်ဟာ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပြီး အိန္ဒိယရေတပ်က အင်အား ၅၀၀ ကျော်ပါရှိတဲ့ စစ်ရေယာဉ် နှစ်စီးလည်း မေလ ၄ ရက်နေ့မှာ ရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းကို ရောက်ရှိနေပါတယ်။
ဒီခရီးစဉ်ဟာ ဘင်္ဂလားပင်လယ်အော်လုံခြုံရေးနဲ့ မြန်မာစစ်တပ်အပေါ် တရုတ်ရဲ့ ဩဇာလွှမ်းမိုးမှုကို ထိန်းညှိုနိုင်ဖို့အတွက် ရည်ရွယ်တာလို့ မြန်မာ့နိုင်ငံရေးလေ့လာသူတစ်ဦးက RFA ကိုပြောပါတယ်။
“အိန္ဒိယ act east မူဝါဒအရ ဘင်္ဂလားပင်လယ်အတွင်း လုံခြုံရေးကို ပိုမိုအားကောင်းအောင် ရေတပ်အချင်းချင်းပေါင်းပြီး လုပ်ဖိုလို့မြင်ပါတယ်။ ဒါ့ကြောင့်ပဲ ဒီခရီးစဥ်မှာ ရေတပ်သုံး စစ်ဘက်ဆိုင်ရာ ကိရိယာတွေကို မြန်မာ ရေတပ်ဘက်ကို လွှဲပြောင်းပေးခဲ့တာနဲ့ နောက်ထပ် ပူးပေါင်းဆောင်ရွက်မှုသစ်တွေကို တိုးချဲ့လုပ်ဆောင်တာ တွေလုပ်ခဲ့ကြတာတွေ့ရပါတယ်။ သူတိုရဲ့ အဓိကရည်ရွယ်ချက်ကတော့ အင်ဒို-ပစိဖိတ်ဒေသမှာ ပထဝီအရအရေးပါတဲ့ ဒီနိုင်ငံရဲ့ ရေတပ်နဲ့ ဘင်္ဂလားပင်လယ်အော်ကို တရုတ်ထံကိုပဲ ဝကွက်အပ်မထားဘဲ တတ်နိုင်သမျှချည်းကပ်ထားတဲ့ မဟာဗျူဟာအားပြိုင်မှုအဖြစ်မြင်ရပါတယ်”
နှစ်နိုင်ငံနယ်စပ်မှာ လက်နက်ကိုင်တပ်တွေ မရှိစေရေးဆိုတဲ့ ကိစ္စကတော့ မြန်မာနဲ့ထိစပ်နေတဲ့ အိန္ဒိယအရှေ့မြောက်ဒေသမှာ အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ တိုင်းရင်းသားအဖွဲ့တွေ ရှိနေတာကြောင့်လို့ အိန္ဒိယရဲ့ အစဉ်တစ်စိုက် တောင်းဆိုလာတဲ့ တောင်းဆိုချက်တွေကို ဆွေးနွေးတာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ အိန္ဒိယအစိုးရကို ဆန့်ကျင်တော်လှန်နေတဲ့ နဂလက်နက်ကိုင်တပ်ဖွဲ့နဲ့ ကသည်းလက်နက်ကိုင်တပ်ဖွဲ့တွေလည်း ရှိနေတာပါ။
ဒီအပြင် စစ်အာဏာသိမ်းမှုကို တော်လှန်နေတဲ့ ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ၊ အာရက္ခတပ်တော် (AA) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ PDF တပ်ဖွဲ့တွေလည်း အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ ရှိနေပါတယ်။
အိန္ဒိယရဲ့ အရှေ့မျှော်ဝါဒအတွက် အရေးပါတဲ့ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း ဒီနေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေသလို မြန်မာစစ်တပ်ကလည်း ချင်းပြည်နယ် ဖလမ်းမြို့ကို ၆ လကြာ ထိုးစစ်ဆင်နောက် ဧပြီလ ၂၅ ရက်နေ့မှာ ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။
