ပြန်ပို့ခံရတဲ့မြန်မာတွေ ဖမ်းခံထားရတယ်ဆိုတဲ့သတင်းအပေါ် မလေးရှား ရှင်းလင်းချက်တောင်းမည်

အဲဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး သက်ဆိုင်သူတွေရဲ့ အခြေအနေကို သိနိုင်ဖို့ မြန်မာက မလေးရှားသံရုံးတာဝန်ခံကို ညွှန်ကြားသွားမည်။

မလေးရှားနိုင်ငံကနေ ပြန်လည်ပို့ဆောင်ခဲ့တဲ့ မြန်မာနိုင်ငံသား ရာနဲ့ချီကို ရန်ကုန်မြို့မှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေဆီကနေ ရှင်းလင်းချက်တောင်းခံသွားမယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန် (Mohamad Hasan) က အောက်တိုဘာ ၂၆ ရက်နေ့မှာ ပြောလိုက်ပါတယ်။

မလေးရှားက ပြန်ပို့ခဲ့တဲ့ မြန်မာနိုင်ငံသား ၃၀၀ ခန့် ရန်ကုန်မြို့က စစ်တပ်ထိန်းသိမ်းရေးစခန်းတစ်ခုမှာ ဖမ်းဆီးခံထားရတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး လွှတ်တော်အမတ် အာမက် တမီဇီ ဆူလိုင်မန် (Ahmad Tarmizi Sulaiman) က မေးမြန်းတာကို နိုင်ငံခြားရေးဝန်ကြီးက အောက်တိုဘာ ၂၆ ရက်နေ့ လွှတ်တော်အစည်းအဝေးမှာ အခုလို ပြန်လည်ဖြေကြားခဲ့တာလို့ မလေးရှားအခြေစိုက် The Star သတင်းဌာနက ဖော်ပြပါတယ်။

အဲဒီကိစ္စကို စုံစမ်းစစ်ဆေးပြီး သက်ဆိုင်သူတွေရဲ့ အခြေအနေကို သိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ မလေးရှားသံရုံးတာဝန်ခံကို ညွှန်ကြားသွားမယ်လို့ ဝန်ကြီးက ပြောခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

ဒါ့အပြင် နေရပ်ပြန်သူတွေရဲ့ ဘေးကင်းလုံခြုံရေးနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေ ပေးထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ တောင်းဆိုသွားမယ်လို့လည်း ဆိုပါတယ်။

ဖမ်းဆီးခံထားရတယ်ဆိုတဲ့သူတွေထဲမှာ ရိုဟင်ဂျာနဲ့ ရခိုင်တိုင်းရင်းသားတွေ ပါဝင်တယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး နေရပ်ပြန်သူတွေကို ခွဲခြားဆက်ဆံမှုမရှိစေရဘူးလို့ မြန်မာအာဏာပိုင်တွေ ပေးထားတဲ့ အာမခံချက်အပေါ် လွှတ်တော်အမတ်က မေးခွန်းထုတ်ခဲ့တယ်လို့ The Star က ဖော်ပြပါတယ်။

ပြန်ပို့ခံရသူတွေ ဖမ်းဆီးထိန်းသိမ်းခံထားရတယ်ဆိုတဲ့ အခြေအနေအသေးစိတ်ကို RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

မလေးရှားအစိုးရကတော့ နေရပ်ပြန်ပို့တာဟာ ဆန္ဒအလျောက် နေရပ်ပြန်ပို့တဲ့ အစီအစဉ်လို့ ပြောထားပေမဲ့ ပြန်ပို့ခံရသူတချို့ဟာ နိုင်ငံတကာ အကာအကွယ်လိုအပ်သူတွေ ဖြစ်နိုင်ပြီး အမှန်တကယ် ဆန္ဒအလျောက်ဖြစ်မဖြစ် လွတ်လပ်စွာ စိစစ်ခွင့်မရခဲ့ဘူးလို့ UNHCR က ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ စစ်ရေးပဋိပက္ခတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့်လည်း နေရပ်ပြန်ပို့မှုတွေ ရပ်တန့်ဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက မလေးရှားအစိုးရကို တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့က မြန်မာနိုင်ငံသား ၁,၄၇၆ ဦးကို မလေးရှားအစိုးရက ပြန်လည်ပို့ဆောင်ခဲ့တာဖြစ်ပါတယ်။