စစ်ကိုင်းတိုင်း မုံရွာနဲ့ ချောင်းဦးမြို့နယ်အစပ်က ဘုံတိုကျေးရွာမှာ သီတင်းကျွတ်မီးထွန်းပွဲ ကျင်းပနေတဲ့ အရပ်သားတွေကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် တစ်နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်တပ်ကို နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ်ပြီး တာဝန်ရှိသူတွေကို တရားစွဲဆိုအရေးယူနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးဖို့ အထွေထွေသပိတ် ပေါင်းစည်းညှိနှိုင်းရေးအင်အားစု (GSCB) က အောက်တိုဘာ ၂၆ ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့နှစ် သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၆ ရက်နေ့ညက တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး အဲဒီတိုက်ခိုက်မှုကြောင့် အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အရပ်သား အနည်းဆုံး ၂၄ ဦး သေဆုံးပြီး ၆၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ GSCB ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် မုံရွာ-အမြင့်လမ်းသပိတ်ကော်မတီက သုံးဦးနဲ့ ချောင်းဦးမြို့နယ် လူငယ်အင်အားစု သပိတ်ကော်မတီက တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) တို့က ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။
စစ်တပ်ကတော့ အဲဒီတိုက်ခိုက်မှုကိုသူတို့လုပ်ခဲ့တဲ့ စစ်ဆင်ရေးဖြစ်တယ်ဆိုတာကို အတည်ပြုထုတ်ပြန်ထားပြီး PDF တပ်ဖွဲ့ဝင်တွေဟာ ဘုံတိုကျေးရွာက ပြည်သူတွေကို ဆီမီးသပိတ်မှာ အတင်းအကျပ် ပါဝင်ခိုင်းကာ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့တယ်လို့ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်နေ့မှာ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဒါ့အပြင် PDF တပ်ဖွဲ့ဝင်တွေကို အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်အောင် ရွေးချယ်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အကြမ်းဖက်မှုနှိမ်နင်းရေး စစ်ဆင်ရေးအဖြစ် ဆောင်ရွက်ခဲ့တာလို့ စစ်တပ်က ပြောထားပါတယ်။
အဲဒီဖြစ်ရပ် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် အခုနှစ် သီတင်းကျွတ်လပြည့်နေ့ဖြစ်တဲ့ အောက်တိုဘာ ၂၆ ရက်နေ့မှာ အာဏာသိမ်းစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ဖို့၊ စစ်ရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို တရားစွဲဆိုအရေးယူဖို့၊ စစ်တပ် ရွေးကောက်ပွဲကနေ ပေါ်ပေါက်လာတဲ့ အစိုးရကို အသိအမှတ်မပြုဖို့ နိုင်ငံတကာအစိုးရတွေနဲ့ အဖွဲ့အစည်းတွေကို GSCB က တိုက်တွန်းထားပါတယ်။
ဒါ့အပြင် တိုက်ခိုက်မှုကြောင့် ထိခိုက်နစ်နာခဲ့ရသူတွေနဲ့ ကျန်ရစ်တဲ့ မိသားစုဝင်တွေကိုလည်း ထိရောက်တဲ့ အကူအညီတွေ ပေးအပ်ဖို့ တောင်းဆိုထားပါတယ်။
အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB) ဟာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းခဲ့တဲ့ သပိတ်အဖွဲ့ ၃၀ ကျော် ပါတဲ့ အင်အားစုဖြစ်ပြီး အကြမ်းမဖက် လူထုလှုပ်ရှားမှုနဲ့ အာဏာဖီဆန်ရေး လှုပ်ရှားနေတာဖြစ်ပါတယ်။
GSCB အဖွဲ့ဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ ဒေါက်တာ တေဇာဆန်း၊ ကိုနန်းလင်း၊ ကိုထက်မြတ်အောင်တို့နဲ့အတူ ချက်သမ္မတနိုင်ငံ ပရာ့ဂ်မြို့အခြေစိုက် Forum 2000 က ချီးမြှင့်တဲ့ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုကို အောက်တိုဘာ ၁၁ ရက်နေ့က ရရှိခဲ့ပါတယ်။
