အာဏာသိမ်းစစ်တပ်ဟာ ပြည်ပက လေယာဥ်ဆီတင်သွင်းတဲ့အခါ နိုင်ငံတကာအရေးယူပိတ်ဆို့ထားတာတွေ ကျော်လွှားဖို့ အတွက် စာရွက်စာတမ်းတွေမှာ ဒီဇယ်ဆီအဖြစ် ရည်ရွယ်ချက်ရှိရှိ ပုံမှားရိုက်ဖော်ပြတာ၊ ကုန်ပစ္စည်းအမျိုးအစား လွဲမှားဖော်ပြတာ၊ ကြားခံကုမ္ပဏီတွေကို အသုံးပြုခဲ့တာ လေ့လာတွေ့ရှိရတယ်လို့ Justice for Myanmar အဖွဲ့က အောက်တိုဘာလ ၂၆ ရက်နေ့ကထုတ်ပြန်လိုက်ပါတယ်။
၂၀၂၄ ဒီဇင်ဘာလကနေ ၂၀၂၅ နိုဝင်ဘာလအထိ အမေရိကန်ဒေါ်လာ သန်း ၁၁၀ နီးပါးဖိုးရှိတဲ့ ဆီပေပါ ၈ သိန်းခွဲ ကို ၆ ကြိမ်တင်သွင်းခဲ့တယ်လို့ဆိုပါတယ်။ အဲဒီတင်သွင်းတဲ့အခါ လေယာဥ်ဆီ အစား ဒီဇယ်ဆီလို့ ကုန်ပစ္စည်း အမျိုးအစားပုံမှားရိုက်ခဲ့သလို၊ ဝယ်တဲ့သူကို NEPAS ဆိုတဲ့ စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံဓာတုနဲ့ Asia Sun Group တို့ရဲ့ ဖက်စပ်ကုမ္ပဏီအစား ကြားခံကုမ္ပဏီ ၂ ခုဖြစ်တဲ့ Dynamic Wave နဲ့ PP Petroleum တို့ကိုသုံးထားတယ်လို့ ဖော်ထုတ်ထားပါတယ်။
Asia Sun Group ဟာ လေယာဥ်ဆီထောက်ပံ့ရေး ကွင်းဆက်ကိုလွှမ်းမိုးထားတဲ့ နိုင်ငံခြား ကုမ္ပဏီကွန်ရက် ဖြစ်ပြီး ဒီကွန်ရက်ထဲမှာ ထိုင်းနိုင်ငံက Tawan -Oil Trading နဲ့ UAE အာရပ်စောဘွားများနိုင်ငံက NEC Trading ကုမ္ပဏီတို့ပါဝင်တယ်လို့ဆိုပါတယ်။
ဒီကုန်သွယ်ရေးလိမ်လည်မှုမှာ လက်ရှိစစ်တပ်ခန့်အစိုးရရဲ့ ဒု သမ္မတ (၁) ဗိုလ်ချုပ်ကြီးဟောင်းညိုစောနဲ့ ထိပ်ပိုင်း အရာရှိတွေပါဝင်တယ်လို့ဖော်ပြထားပါတယ်။
ဒါကြောင့် ဒီကုမ္ပဏီတွေကို အမေရိကန်၊ ဗြိတိန်၊ အီးယူ ဥရောပသမဂ္ဂ၊ ကနေဒါနဲ့ သြစတြေးလျ တို့ပေါင်းစပ် ညှိနှိုင်း ဒဏ်ခတ်ဖို့၊ မြန်မာကို လေယာဥ်ဆီတင်သွင်းနေတာတွေပိတ်ပင်ဖို့၊ ထိုင်းနဲ့ စင်္ကာပူအနေနဲ့လည်း မြန်မာ စစ်တပ်ဆီလေယာဥ်ဆီတင်သွင်းတဲ့အခါ သူတို့ရဲ့နယ်မြေနဲ့ ဘဏ်စနစ်သုံးတာ၊ အကောက်ခွန်လိမ်လည်တာတွေ စစ်ဆေးဖို့၊ Asia Sun Group ရဲ့လုပ်ငန်းတွေကိုစစ်ဆေးတားဆီးဖို့၊ လေယာဥ်ဆီ ဝယ်လာတယ်ဆိုတဲ့ တောင်အာဖရိကနိုင်ငံနဲ့ ယူအေအီးနိုင်ငံတို့ကလည်း သူတို့နိုင်ငံကနေဝယ်တယ်ဆိုတာ တကယ်ဟုတ် မဟုတ် စစ်ဆေးဖို့ Justice for Myanmar အဖွဲ့ကအကြံပြုထားပါတယ်။
၂၀၂၅ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၉၈၂ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ကလေး ၂၃၂ ဦး ပါဝင်တယ်လို့လည်း ဖော်ပြထားပါတယ်။
