မလေးရှားအစိုးရက မြန်မာဒုက္ခသည် ၁၅၀၀ နီးပါးကို စက်တင်ဘာလ ၂၉ ရက် အင်္ဂါနေ့မှာ ပြန်ပို့လိုက်ပါတယ်။ မြန်မာစစ်တပ်ရဲ့ ရေတပ်သင်္ဘောနှစ်စင်းနဲ့ ဆေးရုံသင်္ဘောတစ်စင်းက ပယ်ရာပြည်နယ် လူးမွတ်မြို့ဆိပ်ကမ်းမှာလာခေါ်တာလို့ AFP သတင်းမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြီးထွားပြီး အန္တရာယ်များတဲ့အတွက် ပြန်မပို့ဖို့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေ တောင်းဆိုနေတဲ့ကြားကပဲ အခုလိုပြန်ပို့တာပါ။ ဒါဟာ ကိုယ့်ဆန္ဒနဲ့ကိုယ်ပြန်မယ်လို့သဘောတူထားတဲ့ လူငါးထောင်ထဲက ပထမအသုတ်ဖြစ်တယ်လို့ ဆိုပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာပြည်ကဒုက္ခသည် နှစ်သိန်း တစ်သောင်းခွဲကျော်ရှိတယ်လို့ ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ Morning Star သတင်းမှာရေးထားပါတယ်။
မြန်မာပြည်ကဒုက္ခသည်တွေထဲမှာ သုံးပုံနှစ်ပုံက ရိုဟင်ဂျာတွေဖြစ်တယ်လို့ ကုလသမဂ္ဂကိုကိုးကားပြီး AFP သတင်းကရေးပါတယ်။ အခုပြန်ပို့ခံရတဲ့သူတွေက ဘယ်သူတွေလဲ၊ ဘာလူမျိုးတွေလဲ၊ ဘယ်ဒေသတွေကလဲဆိုတာတော့ မလေးရှားအာဏာပိုင်တွေက တိတိကျကျထုတ်ပြန်တာမရှိပါဘူး။
ရုပ်သံသတင်းထဲက ဘတ်စ်ကားတွေပေါ်မှာတော့ ပြန်ပို့ခံရတဲ့သူတွေဟာ ရိုဟင်ဂျာတွေတင်မဟုတ်ဘဲ မြန်မာပြည်ဖွားတိုင်းရင်းသားနွယ်တွေကိုလည်းတွေ့ရပါတယ်။
မြန်မာဒုက္ခသည်တွေကိုပြန်မပို့ဖို့ နောက်ဆုံးအချိန်အထိမေတ္တာရပ်ခံထားတဲ့အကြောင်းနဲ့ “ မြန်မာနိုင်ငံတဝန်းမှာ လက်နက်ကိုင်ပဋိပက္ခတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေလို့ ဒီလူတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ စိုးရိမ်ပါတယ်” လို့ ဆွစ်ဇလန်နိုင်ငံ ဂျနီဗာမြို့အခြေစိုက် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံးရဲ့ ပြောခွင့်ရသူ Matthew Saltmarsh က သတင်းထောက်တွေကိုပြောပါတယ်။
“ညှဉ်းပန်းနှိပ်စက်ခံရ၊ အသက်အန္တရာယ်ခြိမ်းခြောက်ခံရ၊ သတ်ဖြတ်ခံရနိုင်တယ်ဆိုတဲ့နေရာကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှပြန်မပို့ရဘူးဆိုတာ အပြည်ပြည်ဆိုင်ရာဥပဒေမှာပြဋ္ဌာန်းထားပါတယ်”လို့လည်း သူကပြောပါတယ်။
“ကာလတာရှည်နေပြီဖြစ်တဲ့ဒီပြဿနာဟာ နိုင်ငံအတွက် ရန်ပုံငွေအကျပ်အတည်း၊ စိုးရိမ်စရာဖြစ်လာတဲ့ လူမှုရေး ပြဿနာတွေ၊ မလေးရှားပြည်သူတွေအတွက် လုံခြုံရေးခြိမ်းခြောက်မှုတွေဖြစ်စေခဲ့တယ်” လို့ မလေးရှား ပြည်ထဲရေးဌာနရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
