ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရဲ့ စီရင်ချက်တွေနဲ့ ပတ်သက်လို့ အားလုံးကိုလိုက်နာမှာမဟုတ်ဘဲ လိုက်နာသင့်သလောက်ကိုပဲ လိုက်နာမယ်လို့ စစ်တပ်ခန့်အစိုးရသမ္မတ ဦးမင်းအောင်လှိုင်က နိုဝင်ဘာလ ၂၅ ရက်မှာ ပြောလိုက်ပါတယ်။
နေပြည်တော်မှာပြုလုပ်တဲ့ စစ်တပ်ခန့်အစိုးရအဖွဲ့ အစည်းအဝေးမှာ အခုလို ထုတ်ဖော်ပြောလိုက်တာပါ။
လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ အသုံးအနှုန်းက မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကို များစွာထိခိုက်ကြောင်း၊ လက်ရှိအချိန်မှာ သူဟာ နိုင်ငံခေါင်းဆောင်တစ်ဦးဖြစ်တာကြောင့် နိုင်ငံမှာဖြစ်ပျက်နေတဲ့ကိစ္စတိုင်းအတွက် တာဝန်ရှိကြောင်း၊ နိုင်ငံကိုထိပါးလာတဲ့ ကိစ္စမှန်သမျှကို လက်ခံမှာမဟုတ်ဘဲ ICJ ရဲ့ မဲခွဲဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်လို့လည်း လိုက်နာဖို့ မသင့်တဲ့ကိစ္စတွေကို လိုက်နာမှာမဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဘယ်လိုစီရင်ချက်တွေကို လိုက်နာပြီး၊ ဘယ်လိုအချက်တွေကို မလိုက်နာဘူးဆိုတာကိုတော့ တိတိကျကျ ထုတ်ပြောတာမရှိပါဘူး။
ICJ စီရင်ချက်တွေထဲမှာ… ပြစ်မှုကျူးလွန်ခဲ့တယ်လို့ သံယသရှိသူအားလုံးကို ချက်ချင်း ထိထိရောက်ရောက် စုံစမ်းစစ်ဆေးပြီး အပြစ်ပေးအရေးယူဖို့၊ ရိုဟင်ဂျာတွေကို မူလအခြေအနေအတိုင်း ပြန်လည်ထူထောင်ပေးရေး အစီအမံတွေကို ဆောင်ရွက်ဖို့၊ စွန့်ခွာထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာတွေကို ပြန်ပြီးလက်ခံဖို့၊ နိုင်ငံသားဖြစ်ခွင့် အပါအဝင် သူတို့ရဲ့ မူလအခွင့်အရေးတွေ ပြန်လည်ဖော်ဆောင်ပေးဖို့၊ ထိခိုက်နစ်နာမှုတွေအတွက် လျော်ကြေးပေးဖို့နဲ့ နှစ်နှစ်အတွင်း ICJ တရားရုံးကို မြန်မာနိုင်ငံအနေနဲ့ အစီရင်ခံစာပေးပို့ဖို့ စတဲ့ အချက်တွေ ပါဝင်ပါတယ်။
ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးကတော့… ICJ ရဲ့ စီရင်ချက်တွေဟာ ကမ္ဘာ့အမြင့်ဆုံး တရားရုံးစီရင်ချက်တွေဖြစ်တဲ့အတွက် မဖြစ်မနေ လိုက်နာရမှာဖြစ်တယ်လို့ RFA ကို ပြောပါတယ်။
“အရင်တုန်းကလို စစ်တပ်က လူမိုက်ဆန်ဆန် တုံ့ပြန်တဲ့ခေတ်က ကုန်သွားပြီ။ မလိုက်နာရင် တန်ပြန်သက်ရောက်မှုတွေ သိပ်မကြာခင် ရင်ဆိုင်ရလိမ့်မယ်။ နိုင်ငံတစ်ခုချင်းစီက အရေးယူတာ၊ နိုင်ငံတွေစုပေါင်းအရေးယူတာ၊ ကုလလုံခြုံရေးကောင်စီကတစ်ဆင့် အရေးယူတာတွေလုပ်နိုင်တယ်”
ဒါ့အပြင် လေယာဉ်ဆီတင်ပို့မှု ပိတ်ပင်တာ၊ လက်နက်တင်ရောင်းချမှုပိတ်ပင်တာနဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ကို လွှဲပြောင်းပြီး တစ်ဦးချင်းစီကို ဖမ်းဆီးအရေးယူဖို့ ကြိုးစားတာတွေ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ (ARNC) ပူးတွဲဥက္ကဋ္ဌ ဦးရိုနေဆန်းလွင်ကလည်း… တရားရုံးရဲ့ စီရင်ချက်အားလုံးကို မလိုက်နာရင် နိုင်ငံတကာ ပိတ်ဆို့အရေးယူမှုတွေပို ပြီးပြင်းထန်လာမယ်လို့ ပြောပါတယ်။
“အခု ဗြိတိန်နိုင်ငံက အရေးယူတာက ဥပမာငယ်တစ်ခုပေါ့။ နောက်ပိုင်း ကြီးမားတာတွေ ဖြစ်လာနိုင်တယ်။ ဆန်ရှင် (Sanction) ကို မကြောက်ဘူးပြောရင်လည်း ဆန်ရှင်ကြောင့် လှုပ်လို့မရအောင် လုပ်လို့ ရတယ်။ ဒါတွေကို စဥ်းစားဖို့ လိုပါမယ်။ ဂျီနိုဆိုက် ကျူးလွန်ထားသူတစ်ယောက်ဖြစ်လို့ လူမိုက်ဆန်ဆန်ပြောလို့ ပြီးသွားမှာ မဟုတ်ဘူး”
ရိုဟင်ဂျာတွေအပေါ် မြန်မာနိုင်ငံက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ကြောင်း ICJ ဆုံးဖြတ်ချက် ထွက်လာအပြီးမှာပဲ မြန်မာစစ်သံမှူးကို ဗြိတိန်နိုင်ငံက နိုင်ငံကနေနှင်ထုတ်ခဲ့သလို မြန်မာစစ်တပ်အပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ခဲ့ပါတယ်။
