ကောလင်းမှာ အရပ်သား ၁၅ ဦး အပါအဝင် PDF နှစ်ဦး ဖမ်းဆီးသတ်ဖြတ်ခံရ

ကျေးရွာတွေက လူ ၃၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲကတချို့ ပြန်လွတ်ခဲ့ပေမယ့် ကျန်တဲ့လူတွေကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့လောက်က သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုးပြီး ဖမ်းဆီးသတ်ဖြတ်တဲ့အတွက် အရပ်သား ၁၅ ဦး အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက (နိုဝင်ဘာလ ၂၅ ရက်နေ့မှာ) RFA ကို ပြောပါတယ်။

သတ်ဖြတ်ခံရတဲ့အထဲမှာ ဥတုံပင်ရွာက ၉ ဦး၊ ညောင်ပင်သာရွာက ၄ ဦး၊ တောင်မော်ရွာက ၂ ဦးနဲ့ ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး ပါဝင်တယ်လို့ ပြောပါတယ်။

အခုလအတွင်း စစ်ကိုင်းအခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မဌာနချုပ်နဲ့ ဝန်းသိုအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ-၁၂၀) က အင်အား ၅၀၀ လောက်ပါတဲ့ စစ်ကြောင်းနှစ်ကြောင်းက ကောလင်းမြို့နယ်ထဲကို စစ်ကြောင်းထိုးလာပြီးနောက် သတ်ဖြတ်ခဲ့တာလို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

နိုဝင်ဘာလ ပထမပတ်အတွင်း လမ်းတစ်လျှောက်ကျေးရွာတွေက လူ ၃၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး အဲဒီထဲကတချို့ ပြန်လွတ်ခဲ့ပေမယ့် ကျန်တဲ့လူတွေကိုတော့ နိုဝင်ဘာလ ၁၇ ရက်နေ့လောက်က သတ်ဖြတ်ခဲ့တာလို့ ပြောပါတယ်။

အဲဒီစစ်ကြောင်း ကောလင်းကနေ ကန့်ဘလူမြို့နယ်ဘက်ကို ထွက်သွားချိန်မှာ ကောလင်းဒေသခံတွေနဲ့ တော်လှန်ရေးအဖွဲ့တွေက ရုပ်အလောင်းတွေကို တွေ့ခဲ့ရတာလို့ ဆိုပါတယ်။

“ဥတုံပင်တစ်ရွာထဲက ၉ ယောက် အသတ်ခံရတာဗျာ။ အကုန်လုံးက စစ်ကြောင်းထိုးပြီး ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံလိုက်ရတာပါ။ အသက် ၂၀ ကျော်ကနေ ၄၀ ကျော်အရွယ်တွေ ပါတယ်ဗျ။ PDF တချို့လည်း အသတ်ခံလိုက်ရတယ်”

RFA က စုံစမ်းရရှိတဲ့ ဓာတ်ပုံတွေအရ ဒီလူတွေကို ညှဉ်းပန်းနှိပ်စက်ပြီး လည်ပင်းလှီးသတ်ဖြတ်ထားတာ၊ တချို့ရုပ်အလောင်းတွေမှာ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ဖြတ်တောက်ထားတာ၊ ရုပ်အလောင်းတချို့ကို မြေမြှုပ်ထားတာ တွေ့ရပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရသူတွေရဲ့ အသေးစိတ်အချက်တွေ သိရဖို့ RFA က မိသားစုဝင်တွေနဲ့ ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စစ်တပ်ခန့်အစိုးရ ပြောခွင့်ရသူကို RFA က ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်တပ်က ရွှေဘို-မြစ်ကြီးနားလမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ စစ်ကြောင်းထိုးနေတာကြောင့် ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေ မကြာခဏ ဖြစ်နေပြီး လေကြောင်းတိုက်ခိုက်မှုတွေလည်း ရှိနေတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၄ ရက်နေ့ ညပိုင်းမှာ ကောလင်းမြို့နယ် လျှော်ဖြူကုန်းကျေးရွာက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဖွင့်လှစ်ထားတဲ့ ဆေးရုံတစ်ခုကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ကျန်းမာရေးဝန်ထမ်း နှစ်ဦး သေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။