လာမယ့်နှစ် မြန်မာနိုင်ငံမှာ လူဦးရေ ၁၂ ဒသမ ၃ သန်းလောက် စားနပ်ရိက္ခာမလုံလောက်မှုနဲ့ ကြုံရနိုင်တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာလ ၂၇ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။
၂၀၂၇ ခုနှစ် ဇွန်လကနေ သြဂုတ်လအတွင်း စားနပ်ရိက္ခာ မလုံလောက်မှု ကြုံရနိုင်ပြီး အဲဒီထဲက ၁၃ သိန်းခွဲကျော်က အရေးပေါ်အခြေအနေအထိ ရောက်သွားနိုင်တယ်လို့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) နဲ့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) တို့ ပူးတွဲထုတ်ပြန်တဲ့ Hunger Hotspots အစီရင်ခံစာမှာ ဖော်ပြထားတာပါ။
ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံဟာ လာမယ့်ခြောက်လအတွင်း စားနပ်ရိက္ခာ အကျပ်အတည်း အဆိုးရွားဆုံး ကြုံရနိုင်တဲ့ ကမ္ဘာ့နိုင်ငံနဲ့ ဒေသ ၁၆ ခု စာရင်းထဲမှာ ပါဝင်နေတာပါ။
တိုက်ပွဲတွေ ပြင်းထန်လာတာ၊ အိုးအိမ်စွန့်ခွာ ထွက်ပြေးရတာ၊ အကူအညီပေးရေး လမ်းကြောင်းတွေ ပိတ်ဆို့ခံရတာတွေအပြင် ရေကြီးရေလျှံမှုတွေနဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် အခြေအနေ ပိုဆိုးလာဖို့ ရှိနေတယ်လို့ အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။
လာမယ့်နှစ် မေလအထိ နိုင်ငံအနောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေမှာဖြစ်ပြီး နိုင်ငံအလယ်ပိုင်းအထိ ပိုမိုကျယ်ပြန့်လာနိုင်တာကြောင့် စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်ဘက်ကို အကူအညီတွေ ပို့ဖို့ ပိုခက်ခဲလာနိုင်တယ်လို့ ဆိုပါတယ်။
၂ဝ၂၆ ခုနှစ် သြဂုတ်လကုန်အထိ မြန်မာနိုင်ငံမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ လေးသန်းကျော်ရှိနေပြီး နိုင်ငံပြင်ပကို ထွက်ပြေးရသူ သုံးသိန်းရှစ်သောင်းကျော် ရှိနေတယ်လို့ FAO နဲ့ WFP ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောဘက်မှာလည်း အာဟာရချို့တဲ့မှုတွေ ပိုဆိုးလာနိုင်တယ်လို့ သတိပေးထားပြီး စစ်ဘေးဒုက္ခသည်တွေ၊ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် အရေးပေါ်ရိက္ခာနဲ့ အာဟာရအကူအညီတွေ အမြန်တိုးပေးဖို့၊ စိုက်ပျိုးရေးလုပ်ငန်းတွေ ပြန်ထူထောင်ပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂ဝ၂၆ ခုနှစ် စက်တင်ဘာ လကုန်အထိ အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၆ ဒသမ ၂ သန်း လူသားချင်းစာနာမှုအကူအညီ လိုအပ်နေပြီး အဲဒီအထဲမှာ ပြည်တွင်းနေရပ်စွန့်ခွာသူ လေးသန်း ပါဝင်ပါတယ်။
