မြန်မာနိုင်ငံအတွင်း သတ္တုတူးဖော်မှုတွေကြောင့် မြစ်ရေ ညစ်ညမ်းလာတာကြောင့် ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့နယ်က ကျေးရွာ ၁၄ ရွာမှာ ရေပေးဝေတာ ရပ်ဆိုင်းလိုက်ရတယ်လို့ အေအက်ဖ်ပီသတင်းမှာ နိုဝင်ဘာလ ၂၇ ရက်နေ့က ဖော်ပြလိုက်ပါတယ်။
အခုလဆန်းပိုင်းကတည်းက ရေဖြတ်တောက်ထားရတာဖြစ်ပြီး မြစ်ရေထဲမှာ အာဆင်းနစ် (Arsenic) အဆိပ်သင့်ဓာတ် ပါဝင်မှုဟာ ထိုင်းအစိုးရ သတ်မှတ်စံနှုန်းထက် အဆ ၃၀ နီးပါး ပိုများနေတာပါ။
ရေမသန့်ရှင်းတော့တာကြောင့် ဒေသခံတွေ သောက်သုံးရေ ဝယ်ယူနေရသလို မြစ်ချောင်းထဲက ငါးနဲ့ ရေသတ္တဝါတွေကိုလည်း မစားရဲတော့ဘူးလို့ ထိုင်းအခြေစိုက် The Nation သတင်းမှာ ဖော်ပြပါတယ်။
ရှမ်းပြည်နယ်ဘက်က ရွှေနဲ့ မြေရှားသတ္တု တူးဖော်မှုတွေကြောင့် ထိုင်းမြောက်ပိုင်းကို စီးဝင်တဲ့ မြစ်တွေ ညစ်ညမ်းနေတာကို သိထားရပေမဲ့ မြန်မာအာဏာပိုင်တွေဘက်က အထောက်အထား ထပ်မံ တောင်းဆိုထားတယ်လို့ ထိုင်းဒုတိယဝန်ကြီးချုပ် ယို့ချနန် ဝေါင်ဆာဝတ်က နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒါ့အပြင် ရေထုညစ်ညမ်းစေတယ်လို့ သံသယရှိတဲ့ မြန်မာဘက်က သတ္တုတွင်းလုပ်ငန်းတွေကို ခြောက်လလောက် ခေတ္တရပ်နားပေးဖို့ ထိုင်းအစိုးရက တောင်းဆိုထားပါတယ်။
နှစ်နိုင်ငံအကြား မြစ်ရေအရည်အသွေး စစ်ဆေးဖို့ နေရာ ၁၂ ခု သတ်မှတ်ထားပြီး လာမယ့် ဒီဇင်ဘာ ဒါမှမဟုတ် ဇန်နဝါရီလအတွင်း ပူးတွဲရေနမူနာ စတင်ကောက်ယူဖို့ ပြင်ဆင်နေပါတယ်။
ရေညစ်ညမ်းမှုကြောင့် ထိခိုက်နေတဲ့ ကျေးရွာ ၁၄ ရွာ အစားထိုးသောက်သုံးရေရဖို့ အဝီစိတွင်းတွေ တူးဖော်နေတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရ ပြောခွင့်ရသူကို ရိုက်တာက ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
