ဂွမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေ

RFA Burmese
2024.12.11
ဂွမြို့ကို လက်မလွှတ်ရရေး စစ်ကောင်စီတပ် အပြင်းအထန် ခုခံနေ အမ်းမြို့နယ် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား ထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်း အာရက္ခတပ်တော် (AA) မှ သိမ်းပိုက်ထားသည့် တပ်စခန်းအချို့အား ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့က ထုတ်ပြန်ထားစဉ်။
Telegram/ AA Info Desk

ရခိုင်ပြည်နယ် ဂွမြို့နဲ့ လေးမိုင်အကွာအထိ အာရက္ခတပ်တော် (AA) ရဲ့ ထိုးစစ် နီးကပ်လာပြီး စစ်ကောင်စီတပ်ကလည်း မြို့ရဲ့ လမ်းဆုံလမ်းခွတွေမှာ လက်နက်ကြီးအထိုင်တွေ တပ်ဆင်ထားသလို သံချပ်ကာယာဥ်တွေပါ တိုးချပြီး အပြင်းအထန် ခုခံနေတယ်လို့ ဒေသခံတွေက ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ပြောပါတယ်။

မြို့ပေါ်မှာ လူအင်အား လက်နက်အင်အား တိုးချထားသလို ဂွမြို့အခြေစိုက် ခမရ-၅၆၂၊ ၅၆၃ အပါအဝင် စစ်ကောင်စီ ရေတပ်သင်္ဘောတွေကနေလည်း အမြောက်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အခု AA က စစ်ကောင်စီတပ်တွေကို လက်နက် ချခိုင်းနေတယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ တိုက်ပွဲတွေ အရမ်းပြင်းထန်ပြီး ဆက်သွယ်ရေးခက်တော့ လက်နက်ချတာ၊ အဖမ်းခံရတာတာတွေကို အတိအကျ မပြောနိုင်သေးဘူး”

AA က ဂွမြို့နယ်ထဲက ကျိန္တလီမြို့ကို သြဂုတ်လ ၁၄ ရက်နေ့မှာ သိမ်းပိုက်ပြီးနောက် ဂွမြို့ကို သံတွဲ-ဂွာ လမ်းအတိုင်း တစ်ဆင့်ချင်း ထိုးစစ်ဆင်လာတာပါ။

ရခိုင်ပြည်နယ်တောင်ပိုင်း အမ်းမြို့မှာတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တစ်ခုပဲကျန်တော့ပြီး တောင်ကုတ်မြို့နယ်မှာလည်း တစ်မြို့နယ်လုံး သိမ်းပိုက်နိုင်ရေးအတွက် လက်ကျန်တပ်ရင်းတပ်ဖွဲ့တွေကို AA က ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာရှိတဲ့ မောင်တောမြို့ကိုတော့ ဒီဇင်ဘာ ၈ ရက်နေ့မှာ AA က အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

လက်ရှိအချိန်အထိ ရခိုင်ပြည်နယ်က မြို့နယ် ၁၁ မြို့နယ်နဲ့ ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကို AA က သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။