နိုင်ငံရေး အကျဉ်းသား ၁၁၅ ဦး ကျန်ရှိ

မြန်မာနိုင်ငံက အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား ၁၁၅ ယောက် ကျန်ရှိနေသေးကြောင်း ဒီနေ့ ကျင်းပတဲ့ လက်ကျန်နုိင်ငံရေး အကျဉ်းသားစိစစ်ရေး ကော်မတီအစည်းအေဝးမှာ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီရဲ့ ပဉ္စမအကြိမ်မြောက် အစည်းအေဝးကို ရန်ကုန်မြို့ ရွှေလီလမ်း မှာရှိတဲ့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ဒီကနေ့နေ့လည်ပိုင်းက ကျင်းပခဲ့စဉ် အစိုးရတာဝန်ရှိသူတွေထံ တင်ပြခဲ့တာလို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးက အာအက်ဖ်အေ ကို ပြောပါတယ်။

"
အခုဟာကတော့ ကျနော်တို့တင်ထားတဲ့ စာရင်းကတော့ ၁၁၅ ယောက်ရှိတယ်၊ နောက်ဆုံးတင်ပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားစာရင်းပေါ့၊ ကျနော်တို့ အတည်ပြုထားတဲ့စာရင်းကို ပေးလိုက်တယ်၊ တစ်ဖက်ကလည်း ပြီးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား လွှတ်တာတွေနဲ့ ပတ်သက်တဲ့ကိစ္စ၊ နောက်ကျနော်တို့က လက်ကျန်နိုင်ငံရေးသမားတွေကို စိစစ်တဲ့အခါမှာ အရေအတွက်အားဖြင့်လည်း နည်းလာတဲ့အခါကျတော့ အမှုကိုလိုက်ပြီး အသေးစိတ်စိစစ်ဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်းပေါ့လေ ကျနော်တို့ဆွေးနွေးပြောဖြစ်တယ်"

ဇူလိုင်လ ၂၂ ရက်နေ့က သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ နိုင်ငံရေး အကျဉ်းသား ၇ဝ ကျော်လွှတ်ပေးခဲ့ရာမှာ ပုဒ်မ ၁၇ (၁) မတရားသင်း ဆက်သွယ်မှုပုဒ်မနဲ့ အဖမ်းခံထားရသူအများစု လွတ်မြောက်ခဲ့တာပါ။

သမ္မတ ဦးသိန်းစိန်ရဲ့ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ ခရီးစဉ်တွေအတွင်း ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံ မှာ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးမယ်လို့ ကတိပေးပြောကြားခဲ့ပါတယ်။

အဲဒီ လက်ကျန်နိုင်ငံရေး အကျဉ်းသား ၁၁၅ လောက်မှာ လတ်တလော ခွင့်ပြုချက်မရပဲ စီတန်းလှည့်လည်လို့ တရားစွဲဆို အရေးယူခံနေရသူတွေ မပါသေးကြောင်းပြောပါတယ်။ ဒါပေမယ့် ပုဒ်မ ၁၈နဲ့ တရားစွဲခံထားရသူတွေကို အမြန်ဆုံး တရားစီရင်ပေးဖို့ကိုလည်း ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒီကနေ့ အစည်းအေဝးကို လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီ ဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း၊ ကော်မတီမှာပါဝင်တဲ့ နိုင်ငံရေးပါတီတွေ က တာဝန်ရှိပုဂ္ဂိုလ်တွေ၊ ၈၈ မျိုးဆက်ကျောင်းသားတွေနဲ့ နိုင်ငံရေး အကျဉ်းသားနဲ့ ပတ်သက်တဲ့ အသင်းဖွဲ့တွေ က တာဝန်ရှိပုဂ္ဂိုလ်တွေ တက်ရောက်ခဲ့ပါတယ်။