မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးအတွက် အမေရိကန်သမ္မတရဲ့ အားပေးထောက်ခံ ဆောင်ရွက်ပေးမှုဟာ အင်မတန်အရေးကြီးတာကြောင့် အခုလို တွေ့ဆုံဖို့ တောင်းဆိုရတာဖြစ်ကြောင်း ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် အိုလံပစ်တာဝါမှာ ဒီကနေ့ညနေပိုင်းက ပြုလုပ်တဲ့ ညီနောင်တိုင်းရင်းသား ပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ချင်းအမျိုးသားပါတီ ဥက္ကဌ ဦးဇိုဇမ်က RFA ကို ပြောပါတယ်။
ညီနောင် တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ထွန်းကားရေးကို အစဉ်တစိုက် အားပေးကူညီခဲ့တဲ့ အမေရိကန်သမ္မတရဲ့ မြန်မာနိုင်ငံခရီးစဉ်ကို ကြိုဆိုကြောင်း၊ ခရီးစဉ်အတွင်း မြန်မာနိုင်ငံမှာ ဖက်ဒရယ် ဒီမိုကရက်တစ် ပြည်ထောင်စုပေါ်ပေါက်လာရေးအတွက် သမ္မတ အိုဘားမားအနေနဲ့ အကြံဉာဏ်ကောင်းတွေပေးနိုင်ဖို့ မျှော်လင့်ကြောင်း စတဲ့အချက်တွေကိုလည်း NBF အဖွဲ့ရဲ့ ဒီကနေ့ ကြေညာချက်မှာ တိုက်တွန်းဖော်ပြထားပါတယ်။
ညီနောင်တိုင်းရင်းသားပါတီများ ဖက်ဒရေးရှင်း NBF အဖွဲ့ထဲမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ၊ ကယန်း အမျိုးသားပါတီ၊ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၊ တိုင်းလိုင်(ရှမ်းနီ)အမျိုးသားဖွံ့ဖြိုး တိုးတက်ရေးပါတီ၊ ဓနု တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ အရှိုချင်း အမျိုးသားပါတီ၊ အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပအိုဝ်း အမျိုးသား အဖွဲ့ချုပ်ပါတီ၊ တအောင်း(ပလောင်)အမျိုးသားပါတီ၊ ဝ ဒီမိုကရက်တစ်ပါတီတို့ ပါဝင်ပါတယ်။
