စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေကို ၁၉၉၀ အမတ်ဟောင်းတွေ တရားစွဲဆိုမည်

0:00 / 0:00

လွန်ခဲ့တဲ့ ၂၅နှစ်၊ ၁၉၉၀ခုနှစ်က ရွေးကောက်ပွဲအပြီး ရွေးချယ်တင်မြောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေကို အာဏာအပ်နှင်းဖို့ ပျက်ကွက်ခဲ့မှုနဲ့ ယခင်စစ်အစိုးရအဖွဲ့ဝင်တွေကို တရားစွဲဆိုသွားမယ်လို့ ၁၉၉၀ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က မနေ့က ကြေညာချက်ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

၁၉၈၉ ခုနှစ်ကစလို့ နိုင်ငံတော်အာဏာကို ရယူထားတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ (နအဖ) အဖွဲ့တွေကို တရားစွဲဆိုမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီကြေညာချက်ကို ရန်ကုန်မြို့မှာ မနေ့က ကျင်းပတဲ့ ၁၉၉၀ပြည့်နှစ်ရွေးကောက်ပွဲ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနားမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်ပြီး ၁၉၉၀ပြည့်နှစ် ရွေးချယ်တင်မြောက်ခံအမတ်များအဖွဲ့ အတွင်းရေးမှူး ဦးဒေဗစ်လှမြင့်က အခုလို ပြောပြပါတယ်။

"နိုင်ငံတော် အချုပ်အခြာအာဏာကို ပြည်သူလူထုက ဥပဒေနဲ့အတူ ရွေးချယ်တင်မြောက်ပေးလိုက်သော ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်များထံ လွှဲအပ်ရမည့်တာဝန်ကို စစ်အစိုးရတို့က ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ပါတယ်၊ အဲ့ကိစ္စကြောင့် ကျနော်တို့စွဲတာပါ၊ ကျနော်တို့ ဒီမှာစာရင်းပြုစုထားတာကတော့ လက်ရှိအနေအထားမှာ ကျနော်ရယ်၊ ကြည့်မြင်တိုင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးလှထွန်းပေါ့၊ နောက်သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းဝင်း၊ ဟင်္သာတမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်၊ ပုဇွန်တောင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း တို့နဲ့တော့ အားလုံးကသဘောတူညီမှု လုပ်ထားပါတယ် "

တရားစွဲဆိုတာကို လာမယ့်ဇွန်လအတွင်း အကောင်အထည်ဖော်ဆောင်ရွက်ဖို့ တရားရုံးချုပ်ရှေ့နေတွေနဲ့ တိုင်ပင်နေတယ်လို့ ဆိုပါတယ်။ နဝတနဲ့ နအဖအဖွဲ့ဝင်တွေထဲက သက်ရှိထင်ရှားကျန်နေသေးသူတွေကို တရားစွဲဆိုမှာဖြစ်ပြီး၊ တရားဥပဒေမဲ့ လုပ်ဆောင်ချက်အတွက် အနည်းဆုံးမှတ်တမ်းအဖြစ်ကျန်ရှိဖို့ ရည်ရွယ်ဆောင်ရွက်တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဦးဒေဗစ်လှမြင့်ကို RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။