ကချင်စစ်ပွဲ ၂ နှစ်ပြည့် ငြိမ်းချမ်းရေးခေါ်သံလှုပ်ရှားမှု ရန်ကုန်တွင် ကျင်းပမည်


2013.06.03
kachin-peace-group-b305 ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်က ကချင်ငြိမ်းချမ်းရေး ကွန်ရက်အဖွဲ့ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်နေစဉ်။
RFA

ကချင်ပြည်နယ်မှာ ပြည်တွင်းစစ် ပြန်လည်ဖြစ်ပွားခြင်း ၂ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စစ်အတွင်း ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဘာသာပေါင်းစုံ အောက်မေ့သတိရဆုတောင်းပွဲနဲ့ လှုပ်ရှားမှုတွေကို ငြိမ်းချမ်းရေးခေါ်သံ ခေါင်းစဉ်နဲ့ လာမယ့်သီတင်းပတ်အတွင်း ရန်ကုန်မြို့မှာ ကျင်းပသွားဖို့ရှိတယ်လို့ သိရပါတယ်။

လာမယ့် ဇွန်လ ၉ ရက်နေ့မှာ ကျရောက်မယ့် ကချင်စစ်တကျော့ပြန် ဖြစ်ပွားခြင်း ၂ နှစ်မြောက်နေ့မှာ ကချင်ငြိမ်းချမ်းရေးကွန်ရက်၊ ရန်ကုန်-လိုင်ဇာ လမ်းလျှောက်အဖွဲ့၊ အဖြူရောင်တွဲလက်များစတဲ့ အဖွဲ့တွေ ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်း ဒီကနေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ကမာရွတ် လှည်းတန်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုသွားတာ ဖြစ်ပါတယ်။

အစိုးရနဲ့ ကေအိုင်အေတို့စစ်ရပ်စဲရေး ဆွေးနွေးပွဲတွေကနေ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်ရေးမှာ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်လာအောင်ရည်ရွယ်ပြီး ကျင်းပမှာဖြစ်တယ်လို့ အဖြူရောင်တွဲလက်များအဖွဲ့က ကိုဖိုးသားက အဲဒီသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

"ကျနော်တို့နိုင်ငံမှာရှိတဲ့ ကချင်ဒေသငြိမ်းချမ်းရေးက တစ်နိုင်ငံလုံးရဲ့အရေးဖြစ်တာနဲ့အညီ လက်တလောပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကို စဉ်ဆက်မပြတ် စောင့်ကြည့်လေ့လာရေးတွေမှာ မြို့နယ်လူတွေရော တိုင်းရင်းသား ညီအစ်ကိုမောင်နှမအသီးသီးတွေကပါ ညီညွှတ်တဲ့ တစ်သားတည်းဖြစ်တဲ့ ပြည်ထောင်စုစိတ်ဓာတ် အကြောင်းလေးပေါ့နော် အားပေးပြီးတော့ မေတ္တာပြနိုင်ဖို့အတွက် ဒီအခမ်းအနားလေးကိုကျင်းပတာပါ"

ငြိမ်းချမ်းရေးခေါ်သံ အစီအစဉ်ကို နှစ်ရက်ခွဲပြီး ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဇွန်လ ၇ ရက်နေ့မှာ နိုင်ငံတကာက သံတမန်တွေနဲ့ အလှူရှင်တွေကို စစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဆွေးနွေးပြောဆိုမှာဖြစ်ပြီး  ဇွန်လ ၉ ရက်နေ့မှာတော့ စစ်အတွင်းကျဆုံးသွားတဲ့ နှစ်ဘက်စလုံးက စစ်သားတွေနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအတွင်းက လွတ်လပ်ရေးကျောက်တိုင်မှာ လွမ်းသူ့ပန်းခွေချမယ်လို့ သိရပါတယ်။

ဘာသာပေါင်းစုံ ဆုတောင်းပွဲတစ်ရပ်ကို အလုံမြို့နယ် ပိုးကရင်သာသနာဝန်းအတွင်းမှာကျင်းပဖို့ စီစဉ်ထားခဲ့ပေမယ့် အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘူးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။