၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ မြန်မာ့နိုင်ငံရေး အပြောင်းအလဲနဲ့ မကိုက်ညီတော့တဲ့ ဥပဒေအချက်တွေကို ပြင်ဆင်ဖို့အတွက် ပြန်လည်လေ့လာရေးကော်မတီဖွဲ့စည်းဖို့ ပြည်သူ့လွှတ်တော်မှာ ဒီကနေ့ အတည်ပြုလိုက်ကြပါတယ်။
အဲဒီလို ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်နိုင်ဖို့အတွက် ပညာရှင်များပါဝင်တဲ့ ပြန်လည်လေ့လာ သုံးသပ်ရေးကော်မတီ၊ ကော်မရှင်များ ဖွဲ့စည်းဆောင်ရွက်နိုင်ဖို့အတွက် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မဲဆန္ဒနယ် ကိုယ်စားလှယ် သူရဦးအေးမြင့်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းခဲ့ရာမှာ ကန့်ကွက်သူမရှိပဲ အတည်ပြုလိုက်ကြပါတယ်။
သူရဦးအေးမြင့်က အခုလိုပြောကြားလိုက်တာပါ။
"နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှိန်အဟုန်မြင့်မားမှုကြောင့် ခေတ်ကာလ အခြေနေအချိန်အခါနဲ့ အန်ဝင်ခွင်ကျ မဖြစ်တော့တဲ့ လိုက်လျောညီထွေ မဖြစ်တော့တဲ့ ဥပဒေအချက်အလက်များ ရှိကောင်းရှိနေမှာဖြစ်ပါတယ်၊ ဒီအချက်တွေကို အခြေနေအချိန်အခါနဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြန်လည်လေ့လာသုံးသပ်ဖို့လိုပြီလို့ ယူဆမိပါတယ်၊ လေ့လာသုံးသပ်ရာမှာတော့ တစ်ဦးချင်းတစ်ဖွဲ့ချင်း လိုရာဆွဲပြီးဆောင်ရွက်ခြင်းဟာ နိုင်ငံတော်အတွက် အန္တရာယ်ကြီးမားတဲ့အတွက် သင့်တော်တဲ့ ဥပဒေပညာရှင်များ၊ အသိပညာပြည့်ဝသူများ၊ အတွေ့အကြုံ ရင့်ကျက်သူများနဲ့ ကော်မတီ၊ ကော်မရှင်များ ဆောင်ရွက်ကြရပါမယ်"
ဒီအဆိုကို ကန့်ကွက်မယ့်သူမရှိတဲ့အတွက် အတည်ပြုကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ကြေညာခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလ ၁၀ ရက်နေ့က ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး မေလ ၂၉ ရက်နေ့မှာ အရင်စစ်အစိုးရလက်ထက်က အတည်ပြုခဲ့တာဖြစ်ပါတယ်။
အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်တွေနဲ့ သဘောထားအမြင်တွေအကြောင်းကို RFA သတင်းထောက် မအိအိခိုင်က စုစည်းတင်ပြထားပါတယ်။