၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ဖျက်သိမ်းရေးအတွက် နေပြည်တော်မှာ မနက်ဖြန် ဆန္ဒပြမယ့်သူတွေထဲက ဦးဆောင်သူတွေကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) နဲ့ ဒဂုံဆိပ်ကမ်းရဲစခန်းက ဒီနေ့ ဖမ်းဆီး လိုက်ပါတယ်။
လက်ရှိမှာ ဒေါ်လေးလေး (ခေါ်) ဒေါ်စန်းစန်းဦးနဲ့ ကိုနောင်နောင် ၂ ဦးကို ဖမ်းဆီးထားပြီး ၆ ဦး ဖမ်းဆီးဖို့ရှိတယ်လို့ စခန်းကပြောကြောင်း ဖမ်းဆီးခံထားရသူ ဒေါ်လေးလေးက ပြောပါတယ်။
"နေပြည်တော်မှာ ၂၀၀၈ အတွက်ကို သွားပြီးဆန္ဒထုတ်ဖော်မယ့် အနေအထားမျိုးမှာ လမ်းထိပ်က ဘုန်းကြီးကျောင်းကွေ့က လက်ဖက်ရည်ဆိုင်မှာ အဲဒီက လာခေါ်သွားတာ၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှူးက တရားလိုလုပ်စွဲတယ်လို့ပြောတယ်၊ ၅၀၅(ခ) နဲ့ ၆ ယောက်ပါ၊ အခုလောလောဆယ် စခန်းမှာ ၂ ယောက်ရှိပါတယ်၊ နောင်နောင်နဲ့ ကျမ ဒေါ်စန်းစန်းဦးပါ"
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ နိုင်ငံသားတိုင်း တန်းတူအခွင့်အရေးရရှိရေး၊ ဥပဒေနဲ့မညီ အာဏာသုံးပြီး မတရားဖမ်းဆီးနေတာတွေ ရပ်တန့်ဖို့နဲ့ တရားဥပဒေစိုးမိုးရေး၊ တရားရေးမဏ္ဍိုင်ဖြောင့်မတ် မှန်ကန်ရေး စတဲ့အချက် ၄ ချက်ကို တောင်းဆိုဆန္ဒပြမယ့်အဖွဲ့ဟာ ဒီနေ့ညနေ ၃ နာရီမှာ ဒဂုံဆိပ်ကမ်းမြို့နယ်မှာ စုရပ်လုပ်ပြီး မနက်ဖြန် နေပြည်တော်မှာ ဆန္ဒပြကြမှာဖြစ်ပါတယ်။
ဒေါ်လေးလေးနဲ့ ကိုနောင်နောင်တို့ကို ဒဂုံဆိပ်ကမ်းမြို့နယ် စုရပ်နေရာမှာ ဒီနေ့နေ့လည်ပိုင်းက ဖမ်းဆီးလိုက် တာဖြစ်ပြီး ဘာ့ကြောင့်ဖမ်းဆီးတယ်ဆိုတဲ့ အကြောင်းပြချက် မသိရသေးဘူးလို့ ဒေါ်လေးလေးက ပြောပါတယ်။
သူတို့ ၂ ဦးဟာ မနေ့က ဒဂုံဆိပ်ကမ်းမြို့နယ် တရားရုံးမှာ ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးကို ရုံးထုတ်ချိန် ဆန္ဒပြရာမှာလည်း ပါဝင်ခဲ့ကြသူတွေ ဖြစ်ပါတယ်။
အဲဒီကိစ္စအပေါ် ဒဂုံဆိပ်ကမ်းရဲစခန်းက တာဝန်ရှိသူတွေကို RFA က မေးမြန်းပေမယ့် ပြန်လည်ဖြေကြားခြင်း မရှိသလို နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ရဲတပ်ဖွဲ့အနေနဲ့ မီဒီယာကိုဖြေဖို့ ဝိုင်းဝန်တိုက်တွန်းတဲ့အခါ ရဲတပ်ဖွဲ့က လုံခြုံရေး တင်းကျပ်လိုက်ပါတယ်။
လက်ရှိ ဖမ်းဆီးထားသူ ၂ ယောက်ကို ဒီကနေ့ ညနေ ၅ နာရီဝန်းကျင်မှာ အင်းစိန်အကျဉ်းထောင်ကို ပို့လိုက် ပြီဖြစ်ပါတယ်။
