လာမယ့် ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်ခင် မြန်မာနိုင်ငံရဲ့ လက်ရှိအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆောင်ရွက်နေကြောင်း သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းက မနေ့က ပြောကြားခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရကိုယ်စားလှယ်အဖွဲ့ဟာ တနင်္လာနေ့ညနေပိုင်းက နယူးယောက်မြို့ ကိုလံဘီယာ တက္ကသိုလ်မှာ မြန်မာကျောင်းသူ ကျောင်းသားတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲအတွင်း ကျောင်းသူကျောင်းသားတွေရဲ့ မေးခွန်းတွေကို ဖြေကြားရာမှာ ဝန်ကြီး ဦးအောင်မင်းက အခြေခံဥပဒေ ပြင်ဆင်ရေးဆောင်ရွက်နေကြောင်း ဖြေကြားခဲ့တယ်လို့ တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပြင်ပလေ့လာသူ ဦးခင်ဇော်က RFA ကို ပြောပါတယ်။
"ကျွန်တော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ရမယ်၊ ဒေါ်အောင်ဆန်းစုကြည် ဝင်အရွေးခံနိုင်ဖို့ ပြင်ဖို့လည်း သူတို့လုပ်ေဆောင်နေပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ဖို့ မဖြစ်ဖို့က ပြည်သူရဲ့ အဆုံးအဖြတ်ပါ၊ ဒေါ်အောင်ဆန်းစုကြည်လို သမ္မတမျိုးတွေကိုလည်း သူတို့လိုလားပါတယ်လို့ ပြောသွားပါတယ်"
ဒါ့ပြင် မြန်မာနိုင်ငံမှာ စစ်တပ်ဟာ သမ္မတရဲ့လက်အောက်မှာသာရှိနေကြောင်း၊ လက်ရှိ ပြည်တွင်းပဋိပက္ခအားလုံး မကြာခင်ချုပ်ငြိမ်းသွားတော့မှာဖြစ်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီတွေ့ဆုံပွဲကို ကိုလံဘီယာတက္ကသိုလ်က မြန်မာကျောင်းသူ ကျောင်းသားတွေ၊ ဆရာ ဆရာမတွေ၊ လေ့လာသူတွေ အပါအဝင် စုစုပေါင်းတစ်ရာကျော် တက်ရောက်ခဲ့ကြပါတယ်။
တွေ့ဆုံပွဲမှာ ဝန်ကြီးဦးအောင်မင်းရဲ့ ဖြေကြားချက်တွေနဲ့ ပတ်သက်ပြီး တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပြင်ပလေ့လာသူ ဦးခင်ဇော်ကို ဦးသစ်ဆင်းက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။