၂၀၁၅ ရွေးကောက်ပွဲအတွက် အကြိုဆွေးနွေးပွဲ

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေး ပါတီတွေဟာ လာမယ့်၂၀၁၅ခုနှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အကြိုဆွေးနွေးပွဲတစ်ခုကို လာမယ့် ဧပြီ ၂၆ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြမယ် လို့ သိရပါတယ်။

လာမယ့် ဆွေးနွေးပွဲဟာ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ပြည်သူတွေ နားလည်အောင် ချပြဖို့အတွက် နိုင်ငံရေးပါတီတွေဆီကနေ အကြံဉာဏ်တောင်းခံတဲ့ ဆွေးနွေးပွဲဖြစ်တယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက RFA ကို ပြောပါတယ်။

ဒီလဆန်းပိုင်းကလည်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ နိုင်ငံရေးပါတီ ၅၀ လောက်နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့တဲ့အတွက် လာမယ့်ဆွေးနွေးပွဲဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အကြိမ် ဆွေးနွေးပွဲမှာ PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်တင်မြှောက်တဲ့ စနစ်တစ်ခုကို အစပျိုးနိုင်ရေး ဆွေးနွေးခဲ့ကြရာ၊ အဲဒီအဆိုကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီပေါင်း ၅၀ ကျော်ထဲက နိုင်ငံရေးပါတီ၂၀ လောက်က လက်ခံဆွေးနွေးခဲ့ကြပါတယ်။

ဒါပေမယ့် အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ တိုင်းရင်းသားပါတီတစ်ချို့က အဲဒီစနစ်ကို ကန့်ကွက်ခဲ့ကြပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲမှာ အဲဒီ PR စနစ် ကျင့်သုံးသင့် မသင့်ဆိုတဲ့ အဆိုကို ဇွန်လမှာ ပြန်လည်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတင်ပြပြီး လွှတ်တော်ရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ဆိုပါတယ်။