ရေတာရှည်မှာ လယ်သမား ၂၆ ယောက်ကို အာမခံနဲ့ လွှတ်ပေး

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ကရင်ကျေးရွာ မှာ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၄၇ နဲ့ တရားစွဲခံထားရတဲ့ လယ်သမား ၄၆ ယောက်ထဲက ၂၆ ယောက်ကို ဒီနေ့ ရေတာရှည်မြို့နယ် တရားရုံးမှာ ပထမဦးဆုံး အကြိမ် ရုံးတင်စစ်ဆေးပြီး အာမခံနဲ့ လွှတ်ပေးခဲ့ပါတယ်။

တရားစွဲခံထားရတဲ့ ဒေသခံလယ်သမား ၂၆ ယောက် အာမခံရဖို့အတွက် ကရင်ကျေးရွာက လယ်သမား ၁၀ ယောက်က အာမခံပေးခဲ့တာဖြစ်တယ်လို့ ကရင်ကျေးရွာက ဦးကျော်ဝင်းက ပြောပါတယ်။

"ပိုင်ဆိုင်မှုအထောက်အထား အားလုံးပေါ့၊ အဲ့ဒါကိုမှ သူတို့က အာမခံကြေးကို လက်သင့်ခံတာ၊ လောလော ဆယ် ၂၆ ယောက်ကို လူတစ်ယောက်ကို နှစ်ယောက် အာမခံရတာပေါ့၊ အာမခံမယ့်လူကအားလုံးပေါင်း ၁ဝ ယောက်ပဲရှိတယ်"

လွန်ခဲ့တဲ့ ၁၉၉၄ ခုနှစ်က စက်မှုဝန်ကြီးဌာနက ရေတာရှည်မြို့နယ် အမှတ် ၆ သကြားစက် ဆောက်လုပ်ဖို့အတွက် ဆိုပြီး လယ်သမား ၄၀၀ ကျော် လုပ်ကိုင်နေတဲ့ လယ်ယာမြေဧက ၂၀၀၀ ကျော်ကို လျော်ကြေးမပေးဘဲ သိမ်းဆည်း ခဲ့တာဖြစ်ပါတယ်။

သိမ်းဆည်းခဲ့တဲ့ လယ်ယာမြေဧက ၂၀၀၀ ကျော်ထဲက ဧက ၇၀၀ ကျော်မှာ သကြားစက်ရုံနဲ့ ကြံတွေ စိုက်ပျိုးခဲ့ တာဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ်မှာ ပုဂ္ဂလိက ကုမ္ပဏီတစ်ခုကို တရားဝင် ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့ပြီး ကုမ္ပဏီက တခြားတောင်သူတွေကို သီးစားချပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ် ဇွန်လမှာ လယ်သမားတွေက အသိမ်းခံထားရတဲ့ လယ်ယာမြေတွေမှာ ထွန်ယက်စိုက်ပျိုးခဲ့တဲ့အတွက် ကုမ္ပဏီကနေ သီးစားယူလုပ်ကိုင်နေတဲ့ လယ်သမားတွေက ပုဒ်မ ၄၄၇ နဲ့ လယ်သမား ၄၆ ယောက်ကို တရားစွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ တရားစွဲခံရသူ ၄၆ ယောက်ထဲက ၂၆ ယောက်ကို ဒီနေ့ စတင်စစ်ဆေးခဲ့ပြီး လာမယ့် စက်တင်ဘာလ ၈ ရက်နေ့မှာ ကျန်တဲ့ လယ်သမား ၂၀ ကို စစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။