ကချင်ပြည်နယ်မှာ တရုတ်ရေအား လျှပ်စစ်စီမံကိန်း ၂ ခု ပြီးစီး


2014.09.03
hydro-power-305.jpg တည်ဆောက်နေဆဲ ရေအားလျှပ်စစ်စက်ရုံတစ်ခုကို တွေ့ရစဉ်
Photo: Kayan New Generation Youth

ကချင်ပြည်နယ်မှာ မြစ်ဆုံစီမံကိန်းအပါအဝင် ရေအား လျှပ်စစ်စီမံကိန်း ၁၄ ခုကို အစိုးရနဲ့ တရုတ်ကုမ္ပဏီ ၃ ခုတို့ အကျိုးတူပူးပေါင်းဆောင်ရွက်နေရာမှာ မြစ်ဆုံ စီမံကိန်းကို ဆိုင်းငံ့ထားပြီးနောက်ပိုင်း လက်ရှိအချိန်ထိ စီမံကိန်း ၂ ခုကို အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

မြစ်ကြီးနားခရိုင်က ၉၉ မဂ္ဂါဝပ် လျှပ်စစ်ဓါတ်အား ထုတ်နိုင်တဲ့ ချီဖွေငယ်နဲ့ ဗန်းမော်ခရိုင်က ၂၄၀ မဂ္ဂါဝပ် ထုတ်နိုင်တဲ့ တာပိန် (၁) ရေအားလျှပ်စစ်စီမံကိန်းတွေ ကို အကောင်အထည်ဖော်ဆောင်ရွက်ပြီး ဖြစ်တယ်လို့  ကချင်ပြည်နယ် လျှပ်စစ်နဲ့စက်မှုလက်မှုဝန်ကြီး ဦးစိုင်းမောင်ရွှေက ပြောပါတယ်။

"ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေး ဦးစီးဌာနပေါ့လေ၊ အမှတ် ၅  တည်ဆောက်ရေး ညွှန်ကြားရေးမှူးရုံး မြို့ပြရုံးခွဲနဲ့ သက်ဆိုင်ရာကုမ္ပဏီ များ၊ ကျနော်တို့ CPI ရယ်၊ YPIC ရယ်၊ DUHD ရယ် ဒီ ၃ ခုနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်လျှက် ရှိတယ်၊ အားလုံးက ၁၄ ခုပေါ့လေ၊ မြစ်ဆုံကလွဲလို့ ကျန် ၁၃ ခုမှာ ကျနော်တို့ ချီဖွေငယ် စီမံကိန်းနဲ့ တာပိန် (၁) စီမံကိန်းက ၁ဝဝ ရာခိုင်နှုန်း ဆောက်ရွက်ပြီးသားဖြစ်ပါတယ်၊ ကျန်တဲ့ရေအားလျှပ်စစ် စီမံကိန်းက အကျိုးတူဆောင်ရွက်ဖို့ ကျနော်တို့ စူးစမ်းလေ့လာနေဆဲဖြစ်ပါတယ်"

အစိုးရနဲ့ အကျိုးတူပူးပေါင်းဆောင်ရွက်နေတဲ့ တရုတ်ကုမ္ပဏီ ၃ ခုက Yunnan Provincial Investment Holding Group၊ China Power Investment နဲ့ Datang United Hydropower Developing ကုမ္ပဏီတွေ ဖြစ်ပါတယ်။

စီမံကိန်းပြီးစီးခဲ့တဲ့ ချီဖွေငယ်စီမံကိန်းက ထွက်ရှိလာတဲ့ ဓါတ်အားတွေကို မဟာဓါတ်အားလိုင်းနဲ့ ချိတ်ဆက် ပြီး ပြည်နယ်အတွင်းမှာ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးနေပြီး တာပိန်(၁) စီမံကိန်းကထွက်တဲ့ ဓါတ်အားတွေထဲက ၁၉ ရာခိုင်နှုန်းကို ပြည်နယ်အတွင်းမှာ ဖြန့်ဖြူးနေသလို တရုတ်ပြည်ဘက်ကို တင်ပို့နေတယ်လို့လည်း သိရပါတယ်။

လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၆၀၀၀ ထွက်မယ့် ဧရာဝတီ မြစ်ဆုံစီမံကိန်းကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အမိန့်နဲ့ ပြီးခဲ့တဲ့ ၂၀၁၁ခုနှစ် စက်တင်ဘာ ၃၀ ရက်နေ့မှာ ဆိုင်းငံ့ခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။