ရက္ခိုင့်တပ်မတော်နဲ့ ဆက်နွယ်သူ ၃၂ ဦး ထိန်းသိမ်းထားပြီ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ရက္ခိုင့်တပ်မတော် AA နဲ့ ဆက်နွယ်မှုရှိတယ်ဆိုပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ နဲ့ ဖမ်းဆီးခံထားရသူ ၃၂ ဦးရှိ သွားပြီဖြစ်ပါတယ်။

အရင်က ဖမ်းထားသူ ၂၃ ဦးရှိပြီး ပြီးခဲ့တဲ့ မေလ ၂၀ရက်နေ့က ထပ်မံဖမ်းဆီးသူ ၉ ဦးတယ်လို့ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်က ပြောပါတယ်။

"ပထမ ၂ဝ၊ နောက် ၃ ယောက်၊ နောက် ၉ ယောက် ပေါင်း ၃၂ ယောက်ပေါ့ မတရားအသင်း အက်ဥပဒေပုဒ်မနဲ့ အရေးယူပါတယ်ခင်ဗျ၊ ဖမ်းဆီးစစ်ဆေးပြီးတော့ အမှုတည်ဆောက်နေတယ်၊ ဒီနေ့ ဥပဒေအကြံပြုချက် တောင်း ထားတယ်၊ ဥပဒေအကြံပြုချက်အပေါ်မူတည်ပြီး ဆက်ပြီးတော့ ၂၈ ရက်နေ့မှာ တရားရုံးတင်စွဲမှာခင်ဗျ"

ဖမ်းဆီးခံထားရသူတွေဟာ ကျောက်တော်၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး စတဲ့မြို့နယ်တွေက ဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

နောက်ထပ်ဖမ်းဆီးထားတဲ့ ဒေသခံ ၉ ဦးဟာ အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ ပီချောင်းဒေသကဖြစ်ပြီး ပြီးခဲ့တဲ့ ဧပြီလအတွင်းက အောင်လံချောင်းကျေးရွာအနီးမှာ ပြုလုပ်ခဲ့တဲ့ ရက္ခိုင့်တပ်မတော် AA တပ်ဖွဲ့ဝင်တွေရဲ့ အစည်းအဝေးကို တက်ရောက်ခဲ့သူတွေဖြစ်တယ်လို့လည်း ရဲတပ်ဖွဲ့မှူးက ပြောပါတယ်။

အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ဟာ ကျောက်တော်မြို့နယ် ပီချောင်းဒေသမှာ ပြီးခဲ့တဲ့ ဧပြီလအတွင်းက တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး သံသယရှိသူ ဒေသခံ ၆၀ ကျော်ကို ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ ၂၃ ဦးကို ရဲတပ်ဖွဲ့ထံ လွဲှပြောင်းပေးပြီး အမှုဖွင့်ထားတာဖြစ်ပါတယ်။