ဗကသကျောင်းသား ၃၆ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲဆို

0:00 / 0:00

0:00 / 0:00

မန္တလေးမြို့ ရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေနဲ့ ကျောင်းသား ၃၆ ယောက်ကို တရားမဝင် စီတန်းလှည့်လည်မှုဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမရပူရမြို့နယ် တရားရုံးမှာ ဒီနေ့ တရားစွဲဆိုလိုက် ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရတနာပုံ တက္ကသိုလ်ကျောင်းဝင်းမှာ အမျိုးသား ပညာရေးဥပဒေ ကို ဆန္ဒပြကန့်ကွက်ခဲ့တဲ့အတွက် အခုလိုတရားစွဲခံ ရတာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ် ကျောင်းသား သမဂ္ဂ ဥက္ကဌ ကိုနိုင်ရဲဝေက ပြောပါတယ်။

"ကျောင်းသားတွေကို သက်သက်အပြစ်ရှာပြီးတော့ ထိန်းချုပ်ဖို့ကြိုးစားနေတာပေါ့နော်၊ နောက်တစ်ခု က ရွေးကောက်ပွဲအကြို ကျောင်းသားတွေကို ဖမ်းဆီး ပြီးတော့ ထောင်ထဲကိုထည့်နေတယ်လို့ ကျနော်တို့ ကတော့မြင်တယ်၊ ၃၇ ယောက်ကို ဆွဲထား တာ၊ နောက် တစ်ခုက ကျောင်းထဲမှာလုပ်တဲ့ အတွက် ကျောင်းအာဏာပိုင်တွေနဲ့ သက်ဆိုင်တယ်၊ အခုလက်ရှိ တရားစွဲဆိုထားတဲ့ တရားလိုက ဒုရဲမှူး လှသူဖြစ်နေတဲ့ အတွက် တရားဥပဒေဘောင်ကို ကျော်ပြီးတော့ လုပ်နေတာဖြစ်တယ်"

ကိုနိုင်ရဲဝေနဲ့ ကျောင်းသား ၃၆ ယောက်ကို အမရပူရမြို့နယ် စခန်းမှူးဟောင်း ဒုတိယရဲမှူး ဦးလှသူက တရားလို လုပ်ပြီး စွဲဆိုထားတာဖြစ်ပါတယ်။

ဒီနေ့ တရားရုံးမှာ ကိုနိုင်ရဲဝေကိုသာ စွဲချက်တင်ခဲ့တာဖြစ်ပြီး အာမခံနဲ့ လွှတ်ပေးခဲ့တယ် လို့ သိရပါတယ်။

အဲဒီအမှုကို လာမယ့် မေလ ၂၀ရက်နေ့မှာ စတင်စစ်ဆေးမှာဖြစ်ပြီး ကျန်တဲ့ ကျောင်းသား ၃၆ ယောက်ကို ဆက်လက်ရှာဖွေဖမ်းဆီးမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ပံတန်းမှာ အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး သပိတ်မှောက်ဆန္ဒပြခဲ့တဲ့ ကျောင်းသားတွေကို အကြမ်းဖက် ဖြိုခွဲပြီးနောက်ပိုင်း ဒီကနေ့အထိ ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံရတဲ့ ကျောင်းသားပေါင်း ၂၀၀ နီးပါးရှိနေပြီလို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ကျောင်းသားထုနဲ့ ကျောင်းသားမိဘတွေရဲ့စိုးရိမ်မှုနဲ့ သုံးသပ်ချက်တွေကို မခက်မာ စုစည်း တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ကျောင်းသားတွေအရေးနဲ့ပတ်သက်လို့ NNER ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံး ဆိုင်ရာကွန်ရက် အဖွဲ့ခေါင်းဆောင် ဒေါက်တာသိန်းလွင်ကို RFA ဝိုင်းတော်သား ကိုကျော်ကျော်အောင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။