လှေစီးရွှေ့ပြောင်းသူ ၂၀၀ ထဲက ဘင်္ဂလားဒေ့ရှ် ၃၇ ယောက် ထပ်မံစိစစ်တွေ့ရှိ

မြန်မာ့ရေပိုင်နက်အတွင်း မြန်မာရေတပ်က တွေ့ရှိကယ်တင်ခဲ့တဲ့ လှေစီးရွှေ့ပြောင်းသူ ၂၀၈ ယောက်ထဲ က နောက်ထပ် ၃၇ ယောက်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် ထပ်မံစိစစ်တွေ့ရှိခဲ့တဲ့အတွက် ပြန်လည် လက်ခံဖို့ ပြင်ဆင်နေကြောင်း ကောက်စ်ဘဇား ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်မှူးက ပြောဆိုကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းစာတွေက မနေ့က ဖေါ်ပြခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ ၂၁ ၇က်နေ့က ကယ်တင်ခဲ့တဲ့ လှေစီးရွှေ့ပြောင်းသူ ၂၀၈ ယောက်ကို ဘင်္ဂလာဒေ့ရှ် နယ်ခြားစောင့်တပ်က မေးမြန်းစိစစ်ခဲ့ပြီး၊ လူ ၁၅၀ ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် အတည်ပြုခဲ့ပါတယ်။ အဲဒီနောက် ဇွန်လ ၈ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားအဖြစ် အတည်ပြုပြီးသူ ၁၅၀ ကို မြန်မာနိုင်ငံက ဘင်္ဂလားဒေ့ရှ်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ ၁၅၀ ထဲမှာ ရိုဟင်ဂျာသုံးဦး ပါဝင်နေတာနေတာတွေ့ရပြန်တယ်လို့ ဘင်္ဂလာဒေ့ရှ်အစိုးရက နယ်ခြားစောင့်တပ်က ပြောဆိုခဲ့ပါတယ်။

မနေ့ကတော့ မြန်မာနိုင်ငံမှာ ကျန်ခဲ့သူ ၅၈ ယောက်ထဲမှာ ၃၇ ယောက်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သားတွေဖြစ်နေကြောင်း ထပ်မံစိစစ်တွေ့ရှိခဲ့ရတယ်လို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ပြောပါတယ်။

ဒီကိစ္စအတွက် နှစ်ဖက်နယ်ခြားစောင့်တပ်တွေ ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး၊ အဲဒီ ၃၇ ယောက်ကို ဒီနေ့ သို့မဟုတ် မနက်ဖြန် ကြာသပတေးနေ့မှာ လွှဲပြောင်းပေးမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့ပြင် မေလ ၂၉ ရက်နေ့က ဖျာပုံခရိုင် ဟိုင်းကြီးကျွန်းအနီးမှာ နောက်ထပ်တွေ့ရှိခဲ့တဲ့ လှေစီးရွှေ့ပြောင်းသူ ၇၀၀ ကျော်ကိုလည်း စိစစ်နေပါတယ်။

လူ၂၀၀ကျော်ပါ ပထမအသုတ်က ကျန်နေသူတွေနဲ့ နောက်ထပ်တွေ့ရှိခဲ့ရတဲ့ ၇၀၀ ကျော်ကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ စခန်းဖွင့်ပြီး ထိန်းသိမ်းထားပါတယ်။ အဲ့သလို ရခိုင်ပြည်နယ်မှာ လာရောက်ထိန်းသိမ်းထားတဲ့အတွက် ဒေသခံတွေက မကျေနပ်ဘဲ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်တွေမြို့အပါအဝင် မြို့နယ် ၁၀ မြို့နယ်မှာ ဆန္ဒပြခဲ့ကြပါတယ်။