ဒီလစက်တင်ဘာ ၂၇ ရက်နေ ရန်ကုန်မှာ တွေ့ဆုံဆွေးနွေးပွဲကျင်းပဖို့ ထိုင်းကအဆိုပြုထားတယ်လို့ အစိုးရ သတင်းရပ်ကွက်က ပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေး ကုမ္ပဏီနဲ့ပတ်သက်ပြီး အသေးစိတ် ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
ထားဝယ်စီမံကိန်းနဲ့ ပတ်သက်ပြီး အစဦးရင်းနှီးမြှုပ်နှံငွေ ထိုင်းဘတ်ငွေ ၁၂ သန်းကို တဝက်စီထည့်ဝင်ကြဖို့ ပြီးခဲ့တဲ့ဇွန်လက ထိုင်းနဲ့ မြန်မာ နှစ်ဘက်သဘောတူညီခဲ့ကြပါတယ်။ မူလက သတ်မှတ်ထားခဲ့တဲ့ အစဦးရင်းနှီးမြှုပ်နှံမှုပမာဏက ထိုင်းဘတ်ငွေ သန်း ၁ဝဝ ဖြစ်ပါတယ်။ ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီကို ထိုင်းနိုင်ငံမှာ မှတ်ပုံတင်မယ်လို့ သိရပါတယ်။
ဒါ့ပြင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းမှာ ဆိပ်ခံ၊ ကားလမ်း၊ ရထားလမ်းကွန်ရက်တွေ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ၊ ရေပေးဝေရေး၊ စက်ရုံအလုပ်ရုံတွေ၊ တယ်လီဖုန်းဆက်သွယ်ရေးကွန်ရက်၊ မြို့နယ်ထူထောင်ရေးစတဲ့ စီမံကိန်းလုပ်ငန်းတွေကို စီမံခန့်ခွဲဖို့အတွက် SPC ခေါ် အထူးလုပ်ငန်းကုမ္ပဏီတွေ ဖွဲ့စည်းဖို့လည်း ထိုင် းနဲ့ မြန်မာ သဘောတူခဲ့ကြပါတယ်။ အဲဒီ SPC အထူးလုပ်ငန်းကုမ္ပဏီတွေကိုတော့ မြန်မာနိုင်ငံမှာ မှတ်ပုံတင်မှာဖြစ်ပါတယ်။
ထားဝယ်အထူးစီးပွားရေးဇုန် တည်ဆောက်ရေးကုမ္ပဏီ ဖွဲ့စည်းတည်ထောင်ပြီးရင် နိုင်ငံခြားတိုင်းပြည်တွေက ပူးပေါင်းရင်နှီးမြှုပ်နှံကြမယ့် ကုမ္ပဏီတွေကို ရှာဖွေမှာဖြစ်ပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံကို မျှော်လင့်ထားပေမဲ့ တကယ်လို့ ဂျပန်ကပါဝင်ဖို့ ငြင်းမယ်ဆိုရင် တခြားနိုင်ငံတွေကနေ ခေါ်ယူမှာဖြစ်ပါတယ်။