KIA နဲ့ ဆက်သွယ်ကြောင်း စွပ်စွဲဖမ်းဆီးခံရသူ ၄ ဦးကို ထောင်ဒဏ်ချမှတ်


2013.11.16

ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှာ တာဝန်ထမ်းဆောင်နေသူလို့ စွပ်စွဲခံရပြီး မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) နဲ့ အမှုရင်ဆိုင်နေရသူ ကချင်တိုင်းရင်းသား လေးဦးကို မြစ်ကြီးနားမြို့နယ် တရားရုံးက နိုဝင်ဘာလ ၁၅ ရက် မနေ့က  ပြစ်ဒါဏ် ၂ နှစ်စီ အမိန့်ချမှတ်လိုက်ပါတယ်။

ကချင်တိုင်းရင်းသား ၄ ဦးရဲ့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးဂျီမာခါးက သူတို့ လေးဦးကို အပြစ်မရှိပဲ အမိန့်ချမှတ်လိုက်တာလို့ ပြောပါတယ်။

“လေးယောက်ပေါ့၊ သူတို့က ဒုက္ခသည်တွေဖြစ်တယ်၊ မတရားအသင်း ဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇(၁) အရပေါ့နော်၊ တရားသူကြီးက ထောင်ဒဏ် ၂ နှစ်စီ ချမှတ်လိုက်တာပေ့ါနော်၊ ဒီဆုံးဖြတ်ချက်ကိုကြည့်တဲ့အခါ မျှတရဲ့တရားစီရင်ရေးစနစ်ကို မျက်ကွယ်ပြုပြီး တရားစီရင်သွားတာ တွေ့တယ်ပေါ့၊ အပြစ်မရှိဘူးဆိုတာ သိရဲ့သားနဲ့ ဒီတရားသူကြီးတစ်ယောက်အနေနဲ့ မရမက ထောင်ချတယ်လို့ပဲ ကျနော်ပြောချင်တယ်ပေါ့၊ ကျနော်တို့ ကချင်ပြည်နယ်ရဲ့ တရားစီရင်ရေးစနစ်ဟာ စစ်တပ်ရဲ့လွှမ်းမိုးမှု အပြည့်ရှိနေတယ်ဆိုတဲ့ဟာကို ကျနော်တို့သိရတယ်”

အဲ့ဒီ ကချင်တိုင်းရင်းသား လေးဦးဟာ မြစ်ကြီးနားမြို့ ရွှေစက်ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်သူတွေဖြစ်ပြီး ပြီးခဲ့တဲ့နှစ် ၂၀၁၂ ခုနှစ် ဇူလိုင်လက ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့လေးဦးဟာ  မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)အပြင် ဖောက်ခွဲမှုပုဒ်မတွေနဲ့လည်း တရားစွဲဆိုခံထားရတဲ့အတွက် အမှုဆက်လက်ရင်ဆိုင်ရမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။