သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၄၉ နှစ်မြောက် ဆွမ်းကပ်ပွဲကျင်းပ


2013.07.23

မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ ၄၉ နှစ်မြောက် ဆွမ်းကပ်လှူဒါန်းပွဲကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် ကျွန်းတောကျောင်းတိုက်မှာ ကျင်းပခဲ့ပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အခုခေတ်လူငယ်တွေ မသိကြတော့တာကြောင့် ဆရာကြီးရဲ့ သမိုင်းကြောင်းကို ပြန်လည်ဖော်ထုတ်ဖို့ လိုအပ်တယ်လို့ သခင်ကိုယ်တော်မှိုင်းရဲ့ မြေးဖြစ်သူ ဒေါ်မြတ်မွန်က RFAကို ပြောပါတယ်။

“ဘဘကြီးကိုလေ ဆေးဆရာကြီးလားလို့ မေးခံရတဲ့အခါကျရင် အန်တီတို့ တော်တော်လေးခံစားရတယ်၊ ဒါကလည်း အကြောင်းကြောင်းကြောင့် ဘဘကြီးကို တိမ်မြုပ်အောင်၊ ဘဘကြီးရဲ့သမိုင်းကို မြှုပ်ထားကြတာပေါ့၊ ဒီခေတ်ကလေးတွေဆို ဘဘကြီးကို မသိကြတာများနေပြီ၊ အဲဒါလေးကို ပြန်ပြီးတော့ ဖော်ထုတ်ချင်တယ်”

ဒီနေ့ခေတ် လူငယ်တွေကြားမှာ ပျာက်ကွယ်လုနီးပါးဖြစ်နေတဲ့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ စာပေတွေ၊ ဂုဏ်ပုဒ်တွေကို ပြန်လည်ဖော်ထုတ်သွားဖို့ ကြိုးပမ်းသွားမယ်လို့လည်း ဆရာကြီး သခင်ကိုယ်တော်မှိုင်းဂူဗိမာန် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဝင်တစ်ဦးကလည်းပြောပါတယ်။

ဒါ့အပြင် လာမယ့်နှစ်မှာကျရောက်မယ့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်တဲ့ နှစ်ငါးဆယ်မြောက် ရွှေရတုအခမ်းအနားကို ဆရာကြီးဂူဗိမာန်ရှိရာ ရွှေတိဂုံဘုရားတောင်ဘက်မုခ်မှာ ခမ်းခမ်းနားနားကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို ၁၈၇၅ ခုနှစ်မှာ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ဝါးလယ်ရွာမှာမွေးဖွားခဲ့တာဖြစ်ပြီး အသက် ၈၉ နှစ်အရွယ် ၁၉၆၄ ခုနှစ် ဇူလိုင် ၂၃ ရက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။