ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုဖို့ တောင်းဆို

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အတွင်းက ကျေးရွာအုပ်စု ၅ ခုမှာ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း အစိုးရက စစ်ဆေးနေရာမှာ အဲဒီကျေးရွာအုပ်စု မှာ နေထိုင်သူတွေက ရိုဟင်ဂျာလူမျိုးအဖြစ် အသိအမှတ်ပြုပေးဖို့ တောင်းဆိုကြတယ်လို့ စစ်ဆေးရေးသွားခဲ့သူတွေထံကတဆင့် သိရှိရပါတယ်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအတိုင်း နိုင်ငံသားဖြစ်ခွင့်ရှိသူနဲ့ နိုင်ငံသားဖြစ်ခွင့်မရှိသူတွေကို ခွဲခြားသိနိုင်ဖို့ ပေါက်တောမြို့နယ်အတွင်းက ဆင်တမော်၊ ကြိမ်နီပြင်၊ ငှက်ချောင်း(ပုဏ္ဏားကြီး)၊ ဆည်သုံးတန်(ငဝက်ချောင်း)၊ ပြိုင်းတောင် စတဲ့ ကျေးရွာအုပ်စု ၅ ခုမှာ လူအင်အား ၂၇၀ လောက်နဲ့ အဖွဲ့ ၁၅ ဖွဲ့ ခွဲပြီး တစ်ပြိုင်တည်း စစ်ဆေးနေတာလို့ ဆိုပါတယ်။

ပေါက်တောမြို့နယ်ကို စစ်ဆေးအပြီးမှာ နေပြည်တော်က ဝန်ထမ်းအင်အား ၁၅၀ ထပ်မံခေါ်ယူပြီး အဖွဲ့ပေါင်း ၄၅ ဖွဲ့နဲ့ စစ်တွေမြို့နယ်အတွင်းက ဒုက္ခသည် စခန်းတွေအပါအဝင် ကျေးရွာ အုပ်စုပေါင်း ၉ ခု၊ ကျောက်တော်မြို့နယ်အတွင်းက ကျေးရွာအုပ်စု ၁၉ ခုကို ဆက်လက် စစ်ဆေးသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။