အစိုးရစစ်ကြောင်း တိုးချဲ့လာလို့ မန်စီမြို့နယ် ဒေသခံ ၅၀၀ ခန့် ထွက်ပြေး

ကချင်ပြည်နယ် ဗန်းမော်ခရိုင် မန်စီမြို့နယ် မုံးဒိန်ပါရွာဘက်က ဒေသခံတွေဟာ အစိုးရစစ်ကြောင်းတွေ များလာတဲ့အတွက် လုံခြုံရေးစိုးရိမ်ပြီး ဗန်းမော်မြို့ဘက်ကို ဒီနေ့ လူဦးရေငါးရာလောက် ဦးတည်လာနေကြောင်း ဗန်းမော် ကချင်နှစ်ခြင်း အသင်းတော်ရုံး တာဝန်ရှိသူတစ်ဦး က ပြောကြားပါတယ်။

မန်စီမြို့နယ်ထဲက ကျေးလက်လူထု ဗန်းမော်ဘက်ကို ထွက်လာတဲ့အကြောင်းကို ကချင်နှစ်ခြင်း အသင်းတော်ရုံးက ဦးတူးဂျာက အခုလို ပြောပါတယ်။

"၂၄ ရက်နေ့တုန်းက သူတို့ မုံးဒိန်ပါကိုဝင်ပြီးတော့ ရွာသားတွေကို ဘုရားကျောင်းထဲမှာ ထိန်းထားတာ၊ တိုင်းကိုအကြောင်းကြားတဲ့အခါကျတော့ တိုင်းကလည်း ရွာမှာစစ်သားတွေ မနေရဘူးလို့ ညွှန်ကြားတဲ့အခါကျတော့ ၂၅ ရက်နေ့ မနက်ပိုင်းမှာ ရွာအောက်မှာပဲရှိနေတဲ့ခါကျတော့ ရွာသားတွေက ကြောက်တဲ့အခါကျတော့ ဒီနေ့ညနေ ၁ နာရီခွဲနောက်ပိုင်းမှာ အဲဒီ မုံးဒိန်ပါကနေ လူဦးရေ ၅ဝဝ ကျော်က ဗန်းမော်ကိုဆင်းလာဖို့ တောလမ်းမှာခရီးနှင်နေတယ်"

အဲဒီ ဒေသဖက်မှာ တိုက်ပွဲဖြစ်တယ်ဆိုတာတော့ အတည်ပြုလို့မရကြောင်း၊ ကျေးရွာတွေနားမှာ စစ်ကြောင်းထိုးတာတွေတော့ရှိကြောင်း ဦးတူးဂျာက ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ဗန်းမော်မြို့နယ် မန်စီဒေသဖက်မှာ အစိုးရနဲ့ ကေအိုင်အိုတပ်တွေကြား စစ်ရေးတင်းမာမှုုတွေကြောင့် ဒေသခံကျေးရွာတွေက လူပေါင်းထောင်နဲ့ချီပိတ်မိနေပြီး စားနပ်ရိက္ခာ ပြတ်လတ်နေတယ်လို့ ပြောကြပါတယ်။