၅၂ နှစ်မြောက် ဆဲဗင်းဂျူလိုင် အခမ်းအနား ဗကသ ဦးစီးကျင်းပ

0:00 / 0:00

ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ အဆောက်အဦး ဗုံးခွဲဖျက်ဆီးခံခဲ့ရတဲ့ ဆဲဗင်း ဂျူလိုင် ကျောင်းသားအရေး အခင်း ၅၂ နှစ်မြောက် အောက်မေ့ဖွယ် အခမ်း အနားတွေကို တက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့တွေနဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်တို့က ရန်ကုန်နဲ့ ပြင်ဦးလွင်မြို့တွေမှာ ဒီကနေ့ ကျင်းပခဲ့ကြ ပါတယ်။

ဒီနေ့ ရန်ကုန်တက္ကသိုလ်ဘေးနားက အခမ်းအနားမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ဥက္ကဌ ကိုကျော်ကိုကိုက ကျောင်းသားအခွင့် အရေးတွေနဲ့ ပတ်သက်ပြီး အခုလို ပြောကြားခဲ့ပါတယ်။

"ဆဲဗင်း ဂျူလိုင် တိုက်ပွဲကြီးဟာ လွန်ခဲ့တဲ့ ၅၂ နှစ် တာမှန်ပေမဲ့ ဒီနေ့ဒီကာလအထိ ကျနော်တို့ နိဂုံးမချုပ်ရသေးဘူး ဘာကြောင့်လဲဆိုတော့ သူတို့တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီ အခွင့်အရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီ ပညာရေး၊ ကျောင်းသား ထု အခွင့်အရေး ကာကွယ်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ငြိမ်းချမ်းရေးဆိုတာတွေ မရရှိသေးလို့ဖြစ်ပါတယ်၊ အဲ့ဒီ အားလုံးကို ခြုံပြီးတော့ ဒီလိုဒုက္ခ အဖုံဖုံ ဖြစ်ပေါ်စေတဲ့ ဘူမိနတ်သန်ဟာ စစ်အာဏာရှင်စနစ် ရှိနေလို့ပဲဖြစ်ပါတယ်၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးကို ကျနော်တို့ ဦးစာပေးပြီးဆောင်ရွက်နိုင်မယ်ဆိုလို့ရှိရင် ငြိမ်းချမ်းရေး၊ ပညာရေး အခွင့်အရေးတွေ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတွေ အကုန်လုံးရရှိနိုင်တယ်၊ ဒါ့ကြောင့် ကျနော်တို့ဟာ တစ်ခုတည်းသော ဆုံးဖြတ်ချက်နဲ့ စစ်အဏာရှင်စနစ် ဆန့်ကျင်ရေးကို ဒီနေ့ဒီကာလမှာ ကျနော်တို့ ဆက်ပြီးလုပ်ဖို့ လိုသေးတယ်လို့ ကျနော်က ပြောချင်ပါတယ်"

ရန်ကုန်တက္ကသိုလ်အတွင်းက ကျောင်းသားသမဂ္ဂအဆောက်အဦးရှိခဲ့တဲ့ ခြံစည်းရိုးဘေးမှာ ဗမာနိုင်ငံလုံးဆိုင် ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်က ဆဲဗင်း ဂျူလိုင်အရေးအခင်းမှာ ကျဆုံးသွားတဲ့ ကျောင်းသားတွေကို အလေးပြုပြီး လွမ်းသူ့ပန်းခွေတွေ ချထားခဲ့ကြပါတယ်။

လွန်ခဲ့တဲ့ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့က ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့စစ်တပ်က အာဏာသိမ်းခဲ့ပြီးနောက် တက္ကသိုလ်ကျောင်းဝင်းအတွင်းမှာ အစိုးရရဲ့ စည်းကမ်းချက်တွေကို ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသူ ကျောင်း သားတွေကို ဝင်ရောက်ပစ်ခတ်ခဲ့ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲဖျက်ဆီးခဲ့တာဖြစ်ပါတယ်။

RFA သတင်းထောက် မဝေမာထွန်း ရဲ့ သတင်းပေးပို့ချက်ကို နားဆင်နိုင်ပါတယ်။