အသွင်ကူးပြောင်းရေး တပ်မတော် ဦးဆောင်မှုကဏ္ဍကနေ ဆက်လက်ပါဝင်မယ်

ဒီမိုကရေစီနိုင်ငံအဖြစ် အသွင်ကူးပြောင်းနေတဲ့ မြန်မာနိုင်ငံမှာ တပ်မတော်ဟာ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍကနေ ဆက်လက်ပါဝင်သွားမယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

နေပြည်တော်မှာ မတ်လ ၂၇ ရက် မနေ့ကကျင်းပတဲ့ ၆၈ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။

ဒီကနေ့တိုင်းပြည်က ဒီမိုကရေစီခေတ်သစ်ဆီ လျှောက်လှမ်းနေရာမှာ တပ်မတော်က အမျိုးသားနိုင်ငံရေးမှာ ဦးဆောင်မှု ကဏ္ဍကနေ ပါဝင်သွားမှာဖြစ်ကြောင်း၊ ပြည်သူတစ်ရပ်လုံး လိုလားနေတဲ့ ဒီမိုကရေစီနည်းကျ အုပ်ချုပ်ရေးလမ်းကြောင်း ခိုင်မာအားကောင်းရေးအတွက် မိမိတို့ဆက်လက်ချီတက်သွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

ဒါ့အပြင် မြန်မာ့တပ်မတော်ဟာ ထာဝရငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်တည်ဆောက်ရေးမှာ ပါဝင်ကူညီနေတာဖြစ်ကြောင်း၊ အမျိုးသားသွေးစည်းညီညွှတ်ရေးနဲ့ အချုပ်အခြာတည်တံ့ခိုင်မြဲရေးမှာ တပ်မတော်ရဲ့ကဏ္ဍ အရေးကြီးကြောင်း၊ စစ်သည်တွေဟာ နိုင်ငံတကာ လူသားချင်းစာနာရေး ဥပဒေတွေကိုလည်း လေးစားလိုက်နာကြရမှာဖြစ်ကြောင်း၊ တပ်မတော်ရဲ့သမိုင်းကြောင်းမှာ ဘယ်တုန်းကမှ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တာမရှိခဲ့ကြောင်း၊ တပ်မတော် ဥပဒေစည်းမျဉ်းတွေအပြင် ဂျီနီဗါကွန်ဗန်းရှင်း ခေါ် နိုင်ငံတကာ သဘောတူညီချက်တွေကိုလည်း လိုက်နာနေပြီး၊ ဒါတွေကို တပ်မတော်သားတွေ သိရှိအောင်လည်း သင်ကြားပေးနေကြောင်း၊ စည်းကမ်းဖေါက်ဖျက်သူတွေကိုလည်း အရေးယူနေကြောင်း ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမျှော်မှန်းခဲ့တဲ့ တပ်မတော်ဖြစ်အောင် ကြိုးပမ်းဖို့လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

မြန်မာ့တပ်မတော် ခိုင်မာအားကောင်းအောင် တည်ဆောက်ရမှာဖြစ်ပြီး၊ ခေတ်မီလက်နက်တွေ တပ်ဆင်လေ့ကျင့်ရေး၊ အိမ်နီးချင်းနိုင်ငံတွေ အထူးသဖြင့် အာဆီယံနိုင်ငံတွေနဲ့ စစ်ရေးဆိုင်ရာ အနီးကပ် ပူးပေါင်းဆောင်ရွက်ရေးတွေကိုလည်း ပြောကြားခဲ့ပါတယ်။

ဒီနှစ်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ ပထမဆုံးအကြိမ်အဖြစ် ဂျက်တိုက်လေယာဉ်တွေ၊ သံချပ်ကာကားတွေ၊ လေယာဉ်ပစ်အမြောက်တွေ ထည့်သွင်းပြသခဲ့သလို စစ်ရဟတ်ယာဉ်တွေက နိုင်ငံတော်အလံကို ပျံဝဲသယ်ဆောင်ပြီး အလေးပြုတဲ့အစီအစဉ်ကိုပါ ထည့်သွင်းကျင်းပခဲ့ပါတယ်။

အခမ်းအနားကို NLD ပါတ ီဥက္ကဋ္ဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်လည်း အထူးဧည့်သည်အဖြစ် ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပြီး၊ စစ်ရေးပြကွင်း ပွဲကြည့်စင်ရှေ့ဆုံးတန်းမှာ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင်နဲ့အတူ စစ်ရေးပြအခမ်းအနားကို ကြည့်ရှုခဲ့ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ပထမဆုံးအကြိမ် ဖိတ်ကြားခဲ့တာနဲ့ပတ်သက်ပြီး နေပြည်တော် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက

“တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကနေမှ ဖိတ်ကြားလို့ တက်တယ်လို့ပဲ ကျနော်တို့ မှတ်ယူပါတယ်၊ တပ်မတော်ရဲ့ဖခင်ကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးလည်းဖြစ်တယ်၊ နောက် တိုင်းပြည်အကျိုးအတွက် အမှန်တကယ်ဆောင်ရွက်ပေးနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် တစ်ယောက်အနေနဲ့လည်း ဖြစ်တယ်ဆိုတဲ့ဟာလေးကတော့ အဓိကထားပါတယ်၊ အထူးသဖြင့်ကတော့ တပ်မတော်နဲ့ပူးပေါင်းမှ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်နိုင်မယ်၊ တပ်မတော်ရဲ့ ပူးပေါင်းပါဝင်မှုရမှသာလျှင် ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ တိတိကျကျနဲ့ မြန်မြန်ဆန်ဆန် ပြီးမြောက်သွားမယ်ဆိုတဲ့ အတွေးအခေါ် အယူအဆတွေရှိလို့ ယူဆရပါတယ်”

အခမ်းအနားကို လွှတ်တော်အသီးသီးက ရေးရာကော်မတီ ဥက္ကဋ္ဌတွေနဲ့ တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ကလည်း တပ်မတော်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် သဝဏ်လွှာတစ်စောင်ပေးပို့ခဲ့ရာမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး ဦးတည်ချက်ကို နိုင်ငံရေးအင်အားစုအားလုံး၊ တပ်မတော်အပါအဝင် ပြည်သူတစ်ရပ်လုံးရဲ့အင်အားနဲ့ နိုင်ငံသစ်တည်ထောင်ဖို့ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။