၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဆွဲရေး အပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် NLD ဦးဆောင်တဲ့ အစိုးရသစ်ကို ဝန်းရံကူညီသွားမယ်လို့ ၁၉၇၄/၇၅/၇၆ အရေးအခင်းတွေမှာ ပါဝင်ခဲ့သူ နိုင်ငံရေးအင်အားစုက ပြောပါတယ်။
ရန်ကုန်မြို့ တောင်ဥက္ကလာပမြို့နယ် စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်မှာ ၁၉၇၄ အလုပ်သမားအရေးအခင်းနဲ့ (၇၄-၇၅-၇၆) ကျောင်းသားလှုပ်ရှားမူ နှစ်ပတ်လည်အခမ်းအနားကို ဒီနေ့ ကျင်းပခဲ့ပါတယ်။ အဲဒီပွဲမှာ အစိုးရသစ်ကို ကူညီသွားမယ်လို့ ၁၉၇၅ ဇွန်လ ကျောင်းသားလှုပ်ရှားမူမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဦးကျော်အောင် က ပြောပါတယ်။
"အစိုးရသစ်ပေါ်ပေါက်လာပြီးတော့ ၂၁ ရာစု ပင်လုံညီလာခံ အပါအဝင်ပေါ့နော် နိုင်ငံရေးအခင်းအကျင်းသစ်တွေ အစိုးရသစ်က ချမှတ်နေတဲ့အတွက်ကြောင့် ကိုယ်တို့အတွက် အားတက်စရာ မျှော်လင့်စရာတွေတော့ ရှိတယ်ပေါ့နော်၊ ကိုယ်တို့ရဲ့မပြီးဆုံးသေးတဲ့ သမိုင်းပေးတာဝန်ကို ဆက်လုပ်မယ်၊ ဆက်လုပ်မယ့်နေရာမှာ အခုပေါ်ပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ်နဲ့ ဝန်းရံပူးပေါင်းပြီးတော့ ကျန်တဲ့နိုင် ငံရေးအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ မျိုးဆက်သစ် လူငယ်အင်အားစုတွေ ပူးပေါင်းပြီးတော့ ရည်ရွယ်ချက်အောင်မြင်တဲ့အထိ ဆက်သွားမယ်ဆိုတာ ကိုယ်တို့ထုတ်ဖော်ကြေညာတာပါ"
မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီလက်ထက် ၁၉၇၄ မေလနဲ့ ဇွန်လအတွင်းမှာ မြန်မာနိုင်ငံအနှံ့အပြားက စက်ရုံ၊ အလုပ်ရုံတွေက အလုပ်သမားတွေဟာ ဆန်အလုံအလောက်ရရှိရေးနဲ့ လုပ်ငန်းခွင်ဘ၀ လုံခြုံရေးတို့အတွက် တောင်းဆိုဆန္ဒပြခဲ့ပါတယ်။
အဲဒီ အလုပ်သမား လှုပ်ရှားမူတွေကို မဆလ အစိုးရက အကြမ်းဖက် ပစ်ခတ်နှိမ်နှင်းခဲ့တာကြောင့် အလုပ်သမား ရာကျော် သေဆုံးခဲ့ရတယ်လို့ သပိတ်မှာ ပါဝင်ခဲ့တဲ့ သူတွေကပြောပါတယ်။
၁၉၇၄ ဇွန်လမှာ အလုပ်သမားအခွင့်အရေးတောင်းဆို လှုပ်ရှားမူဖြစ်ခဲ့သလို ၁၉၇၄ ဒီဇင်ဘာလမှာ ဦးသန့် အရေးအခင်း၊ ၁၉၇၅ မေလနဲ့ဇွန်လမှာ အလုပ်သမားနဲ့ကျောင်းသားလှုပ်ရှားမူ ၊ ၁၉၇၆ မတ်လမှာ မှိုင်းရာပြည့် လှုပ်ရှားမူ စတဲ့ သပိတ်တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်ပွားခဲ့ပြီး မဆလ အစိုးရက လည်း အကြမ်းဖက် နှိမ်နင်းခဲ့တယ် လို့ ပြောပါတယ်။
အခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီတွေ၊ အလုပ်သမား၊ လယ်သမားအဖွဲ့အစည်းတွေက ဂုဏ်ပြုသဝဏ်လွှာတွေ ဖတ်ကြားခဲ့ကြပြီး လယ်သမား၊အလုပ်သမားနဲ့ ကျောင်းသားတွေရဲ့ အခွင့်အရေးတွေ အပြည့်အဝရရှိနိုင်ဖို့ အစိုးရက ဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ကြပါတယ်။
ဒါ့အပြင် ၇၄-၇၅ -၇၆ ကျောင်းသားအရေးလှုပ်ရှားမူနဲ့ အလုပ်သမားအရေး လှုပ်ရှားမူမှာ ပါဝင်ခဲ့တဲ့ သူတွေစုပေါင်းပြီး နိုင်ငံရေး အင်အားစု အဖွဲ့တစ်ခု ဒီနေ့ တရားဝင်ဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
