မကွေးမြို့က သမိုင်းဝင် မြို့မရပ်ကွက် မင်းကျောင်း ဘုန်းကြီးကျောင်းမှာ အခမ်းအနား ကျင်းပခဲ့ပြီး သံဃာတော်တွေကိုလည်း ဆွမ်းကပ်လှူခဲ့ပါတယ်။
အခုလို ဇူလိုင် (၇) ရက် အထိမ်းအမှတ် ကျင်းပခဲ့တာနဲ့ ပတ်သက်ပြီး မြေလတ် ဗကသ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ ကိုခန့်ထူးက အခုလို ပြောဆိုပါတယ်။
"ကျွန်တော်တို့ ဒီလိုအခမ်းအနားတွေ လုပ်တယ်ဆိုတာက သမိုင်းကို ပြန်တူးဖော်ပြီး ရန်ငြိုးတွေ ဖြစ်အောင်၊ နောက်မျိုးဆက်သစ်တွေ အပေါ်မှာ ရန်ငြိုးတွေ တည်တာ မဟုတ်ဘူးဗျာ။ ကျွန်တော်တို့က ဒီသမိုင်းကို လေ့လာပြီးတော့ ဒီသမိုင်းမှာ ဖြစ်ခဲ့တာတွေကို သင်ခန်းစာယူပြီးတော့ ကျွန်တော်တို့ မျိုးဆက်တွေမှာ ဒီလိုမဖြစ်အောင် ကြိုးပမ်းမယ်။ ငြိမ်းချမ်းသော နည်းနဲ့ပေါ့။ ဥပဒေဘောင် အတွင်းကနေပြီးတော့ ဆောင်ရွက်သွားဖို့ ကျွန်တော်တို့ ရည်ရွယ်ထားတယ်"
ဒီအခမ်းအနားမှာ မျိုးဆက် (၃) ဆက် ကျောင်းသားများ ပါဝင်ခဲ့ကြပါတယ်။ ၁၉၆၂ ခုနှစ်က မြေလတ်ကျောင်းသား ခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးတင့်စိုး တက်ရောက် စကားပြောခဲ့သလို ၈၈ မျိုးဆက် နိုင်ငံရေး အကျဉ်းသားဟောင်း ကိုသန်းနိုင်ကလည်း စကားပြောကြားခဲ့ပါတယ်။
ဒီအခမ်းအနားကို ကျယ်ကျယ်ပြန့်ပြန့် ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမဲ့ လက်ရှိ ဖမ်းဆီး တားမြစ်တာတွေ ရှိခဲ့တဲ့အတွက် အကျဉ်းရုံး ဆောင်ရွက်ခဲ့ရတယ်လို့ ၈၈ မျိုးဆက် တစ်ဦးဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်း ကိုအောင်ကျော်ကျော်က ပြောပါတယ်။
"ကျွန်တော်တို့ အများကြီး လုပ်ဖို့ စီစဉ်ခဲ့ပေမဲ့ လက်ရှိ အဖမ်းအဆီး ရှိခဲ့တဲ့ အခြေအနေတွေကြောင့် ကျွန်တော်တို့ ဆဲဗင်း ဇူလိုင်အခမ်းအနား လုပ်ရတဲ့ ရည်ရွယ်ချက်က သမိုင်းမှာ အပြစ်ပုံချပြီး ဖြေရှင်းချင်တာ မဟုတ်ပါဘူး။ သမိုင်းကို သင်ခန်းစာ ယူချင်တာပါ။ ကျွန်တော်တို့ ညီငယ် ညီမငယ် ကျောင်းသူကျောင်းသားတွေရဲ့ သွေးမြေကျမှုတွေ နောက်မဖြစ်ရတော့ဘူး။ နောက် ဘယ်သောအခါမှ ထောင်မကျစေချင်တော့ဘူး။ ကျွန်တော်တို့ အဲရည်ရွယ်ချက်တွေနဲ့ လုပ်ရခြင်း ဖြစ်ပါတယ်ခင်ဗျ"
ဒီကနေ့ လူငယ် ကျောင်းသားတွေအားလုံး ဒီအဖြစ်အပျက်ကို သိထားရင် နောက်တစ်ချိန် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာတဲ့အခါ ဒီလိုအမှားမျိုး ထပ်မံ မကျူးလွန်ဖို့ ဆိုတဲ့ သင်ခန်းစာကို ဒီသမိုင်းဝင် ဖြစ်ရပ်ကနေ ထုတ်နုတ်ယူနိုင်ဖို့ ဒီအခမ်းအနားကို ကျင်းပရတာ ဖြစ်တယ်လို့ ကိုအောင်ကျော်ကျော်က ပြောဆိုခဲ့ပါတယ်။
၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်ပြီး စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဆန္ဒပြကန့်ကွက်တဲ့ ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းခဲ့ပါတယ်။ အဲဒီနောက် ဇူလိုင်လ (၇) ရက်နေ့မှာ လွတ်လပ်ရေး သမိုင်းဝင် ကျောင်းသား သမဂ္ဂ အဆောက်အဦးကိုလည်း ဗုံးခွဲ ဖြိုချ ဖျက်ဆီးခဲ့ပါတယ်။
