မိတ္တီလာမြို့ အဓိကရုဏ်းကြောင့် အခက်အခဲ ကြုံတွေနေရတဲ့ ဒုက္ခသည်တွေကို စိတ်ပိုင်းဆိုင်ရာ အားပေးဖို့အတွက် ဒီနေ့ဧပြီလ ၁ ရက်နေ့မှာ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တချို့နဲ့ အနုပညာရှင်တွေ ပူးပေါင်းပြီး ဒုက္ခသည်စခန်းတွေကို ရောက်နေပါတယ်။
စိတ်ထိခိုက်ခံစားနေရတဲ့ ပြည်သူတွေကို အားပေးဖို့ လိုအပ်တာကြောင့် ဒီခရီးစဉ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ ၈၈မျိုးဆက်ကျောင်းသားအဖွဲ့၊ အပြစ်မဲ့ပြည်သူများ စာနာသောလက်များကွန်ရက်က မနီလာသိန်းက RFA ကို ပြောပါတယ်။
မတ္ထီလာမြို့ အဓိကရုဏ်းအတွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည်တွေနေထိုင်တဲ့ စာသင်ကျောင်း ၃ ကျောင်း၊ ခရိုင်အားကစားကွင်းနဲ့ ပညာရေးလေ့ကျင့်ရေးကျောင်းအစရှိတဲ့ နေရာတွေကိုသွားရောက်ပြီး နို့မှုန့်၊ ဆန်၊ ဆပ်ပြာခဲ၊ သွားတိုက်ဆေးနဲ့ အဝတ်အထည်တွေလည်း လှူဒါန်းခဲ့တယ်လို့ ပြောပါတယ်။
၈၈မျိုးဆက်ကျောင်းသားတွေနဲ့အတူ ဆရာတော် အရှင်ဆန္ဒာဓိကအပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေ၊ အနုပညာရှင်တွေ၊ စုစုပေါင်း ၁၀၀ လောက် သွားရောက်အားပေးနေကြတာပါ။
ဒါ့အပြင် အဓိကရုဏ်းတွေဖြစ်ပွားခဲ့တဲ့ နတ္တလင်း၊ ဇီးကုန်း အစရှိတဲ့ဒေသတွေကို သွားရောက်အားပေး လှူဒါန်းဖို့အတွက်လည်း သက်ဆိုင်ရာတာဝန်ရှိသူတွေဆီတင်ပြဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
