၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ လက်ပန်းတောင်းမှာ တားဆီးခံရ

လက်ပန်းတောင်းတောင် သပိတ်စခန်းတွေ ဖြိုခွင်းမှုမှာ ဒဏ်ရာရပြီး ဆေးကုသမှုခံယူနေရတဲ့ သံဃာတော်တွေကို ကူညီပေးဖို့ မုံရွာမြို့ကို ရောက်ရှိနေတဲ့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ဒီကနေ့မှာ လယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးနေထိုင်ခဲ့တဲ့နေရာကိုသွားရောက်ရာ လက်ပန်းတောင်းတောင်ခြေမှာရှိတဲ့ ကျော်ရွာအရောက်မှာ အာဏာပိုင်တွေရဲ့ တားဆီးပိတ်ပင်ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီကိုသွားရောက်ဖို့ တားဆီးပိတ်ပင်ခံရတာနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ က သူတို့ တားဆီးခံရတာကို ပြောပြပါတယ်။

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ အကြမ်းဖက်ခံခဲ့ရတဲ့ သံဃာတော်တွေ၊ လူပုဂ္ဂိုလ်တွေနဲ့အတူရှိကြောင်း ပြသဖို့နဲ့ အကြမ်းဖက်ခံရမှုကို စုံစမ်းစစ်ဆေးရေးကော်မတီဖွဲ့ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ မုံရွာမြို့ကို လာရောက်ခဲ့တာလို့ ပြောပါတယ်။ လက်ပန်းတောင်းတောင်မှာ အကြမ်းဖက်ဖြိုခွင်းခံခဲ့ရတဲ့ ဝက်မှေးကျေးရွာနဲ့ ရွှေလှေကျေးရွာက ကျေးရွာသားတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။