ထိုင်းနိုင်ငံရောက် ၈၈ ကျောင်းသားများ ပညာရေးကဏ္ဍပြုပြင်ရေး ဆွေးနွေး

ထိုင်းနိုင်ငံကို ရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ထိုင်းနိုင်ငံတောင်ပိုင်း၊ ရပ်ချ်ဘူရီခရိုင်၊ ချာအမ်မြို့၊ Holiday Inn ဟော်တယ်မှာ ပညာသင်ဆုထောက်ပံ့ရေး သပြေဖောင်ဒေးရှင်းက ကြီးမှူးကျင်းပတဲ့ ပညာသင်ကျောင်းသားများ ကွန်ယက်တည်ဆောက်ခြင်းနဲ့ အတွေ့အကြုံနှီးနှော ဖလှယ်ပွဲကို ဒီကနေ့ တက်ရောက်ခဲ့ကြပါတယ်။

ဒီအစည်းအဝေးမှာ တိုင်းရင်းသားအသီးသီးရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ (၈၈) မျိုးဆက်ရဲ့လုပ်ဆောင်ချက်ကို ကိုမြအေးကပြောကြားပြီး၊ ကိုပြုံးချိုက civil society နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး၊ ကိုစိုးထွန်းကတော့ ပညာရေးနဲ့ပတ်သက်တာတွေကို ဆွေးနွေးတင်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ အစည်းအဝေးနဲ့ပတ်သက်လို့ ကိုမြအေးက အခုလိုပြောပါတယ်။

"ဒီလူငယ်တွေ ဒီကလေးတွေကို တွေ့ရတာ ကျနော်တော့ အားတက်တယ်ဗျ၊ ပွင့်ပွင့်လင်းလင်းပြောလို့ရှိရင် တိုင်းပြည်အတွက် အများကြီးပေါ့ဗျာ။ လုပ်နိုင်မယ့် ကိုင်နိုင်မယ့် လူငယ်တွေ ကျနော်တို့တွေ့တဲ့အခါကြတော့ ကျနော်တို့အနေနဲ့ကတော့ အားရတယ်ဗျာ။ ဒီလို seminar မျိုးတွေ များများလုပ်သင့်တယ်လို့ ကျနော်ထင်တယ် ဒီလို meeting တွေကလေ၊ အဲဒီလူငယ်တွေက တိုင်းပြည်ကို ပြန်ပြီးတော့ အကျိုးရှိရှိပေါ့ဗျာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို လုပ်နိုင်ဖို့ ကိုင်နိုင်ဖို့အတွက် ကျနော်တို့က သူတို့ကို အလုပ်အကိုင် အခွင့်အလမ်းတွေ ဖန်တီးပေးရမှာပဲလို့ ကျနော်မြင်တယ်လေ။ အဲဒီတော့ ကျနော်ကတော့ ချုပ်ပြောရရင်တော့ တကယ်ကိုအားရ ကျေနပ်ဖွယ်ရာကောင်းတဲ့ တွေ့ဆုံဆွေးနွေးပွဲလေးတခုပါ"


မြန်မာပြည်ပညာရေးနဲ့ နိုင်ငံတကာပညာရေးက အရမ်းကို ကွာခြားသွားပြီဖြစ်ကြောင်း နိုင်ငံတကာက ကျောင်းသားတွေ ကွန်ပျူတာနဲ့ စာသင်နေချိန်မှာ မြန်မာပြည်က ကျောင်းသားတွေက ကျောက်သင်ပုန်းကို လက်မလွှတ်နိုင်သေးတဲ့ အခြေအနေတွေ ရှိနေသေးတယ်လို့လည်း သူကပြောပါတယ်။

"ရုပ်ဝတ္တုပိုင်း၊ ပစ္စည်းပိုင်းဆိုင်ရာကအစ စိတ်ဓါတ်ရေးရာကအစ အရမ်းကွာခြားတယ်၊ သင်ကြားရေးစနစ်ဆိုတာက ပြောစရာကိုမလိုတော့ဘူးနော်။ အဲဒီတော့ နိုင်ငံတကာအတွေ့အကြုံရှိတဲ့ လူငယ်တွေရဲ့ အတွေ့အကြုံတွေနဲ့ ကျနော်တို့ မြန်မာနိုင်ငံမှာရှိတဲ့ ကလေးတွေကို ဘယ်လိုလက်ဆင့်ကမ်း သယ်ယူရင်ကောင်းမလဲဆိုတဲ့ နည်းလမ်းတခုတော့ ကျနော်တို့ ရှာရတော့မှာပဲ"

ဒါကြောင့် ပညာရေးစနစ်ကို ပညာရှင်တွေပါတဲ့ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့လိုနေပြီလို့လည်း သူကပြောပါတယ်၊ ဒီကနေ့စတင်ပြီး ၂ ရက်ကြာကျင်းပမယ့် ဒီနှီးနှောဖလှယ်ပွဲမှာ အာရှတိုက်နိုင်ငံတချို့က တက္ကသိုလ်တွေမှာ ပညာသင်ကြားနေသူများ၊ ပညာသင်ကြားခဲ့သူများ အပါအဝင် လူဦးရေ စုစုပေါင်း (၁၅၀) ကျော် တက်ရောက်တယ်လို့လည်း သပြေဖောင်ဒေးရှင်းက မ Jenny ကပြောပါတယ်။