ကျဆုံးနိုင်ငံရေး အကျဉ်းသားတွေ အတွက် အစိုးရ တောင်းပန်ဖို့ ဦးကိုကိုကြီး ပြော

0:00 / 0:00

ကျဆုံးသွားကြတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက် တောင်းပန်ဖို့ လိုအပ်သလို၊ တစ်ချိန် တည်းမှာလည်း ဖွံ့ဖြိုးမှု နိမ့်ကျတဲ့ တိုင်းရင်းသားဒေသတွေ အရေးကို မရှင်းနိုင်ရင် စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေးကို ရရှိမှာ မဟုတ်ဘူးလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က ဒီကနေ့ ပြောလိုက်ပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေးစခန်းတွေမှာ ကျဆုံးခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေအတွက် ပထမအကြိမ်ဂုဏ်ပြုပွဲ အခမ်းနားမှာ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီး က အခုလို ပြောခဲ့တာပါ။

" ကျွန်တော်တို့ နိုင်ငံမှာလည်းပဲ တစ်မျိုးသားလုံးဆိုင်ရာ ဝန်ချတောင်းပန်ဖို့ ကျွန်တော်ပြောတဲ့အခါမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ကို သက်သက်ဆိုင်တာမဟုတ်ဘူး၊ တိုင်းရင်းသား ကိစ္စဖြေရှင်းမယ်ဆိုရင်လည်းပဲ တိုင်းရင်းသားတွေ အောက်ကျနောက်ကျဖြစ်နေတယ် နှေးကွေးခဲ့ခြင်းနဲ့ ပတ်သက်လို့ ခေတ်အဆက်ဆက် တာဝန်ရှိခဲ့သူတွေ အားလုံးက တိုင်းရင်းသားတွေ အပေါ်မှာလည်းပဲ ဝန်ခံဖို့ တောင်းပန်ဖို့ လိုပါတယ်၊ အဲ့ဒါမှ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်နိုင်မှာ ဖြစ်တယ်"

အဲဒီအခမ်းနားကို နိုင်ငံရေးအကျဉ်းသား ဟောင်းများအဖွဲ့နဲ့ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အဖွဲ့တို့ ပူးပေါင်းကျင်းပခဲ့တာဖြစ်ပြီး အမျိုးသားဒီမိုကစီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့ခဲ့သလို NLD နာယက ဦးတင်ဦး၊ ဦးဝင်းတင်၊ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလှု့အဖွဲ့အစည်းက ကျောင်းသားခေါင်း ဆောင်တွေက အမှာစကား ပြောခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ၈ လေးလုံးအရေးတော်ပုံကာလ နောက်ပိုင်း အကျဉ်းထောင်တွေနဲ့ စစ်ကြောရေး စခန်းတွေမှာ သေဆုံးသွားကြသူ နိုင်ငံရေး အကျဉ်းသား ၁၇၅ ယောက် ရှိတယ်လို့လည်း သိရပါတယ်။

ဒီကနေ့ အခမ်းအနားအကြောင်း RFA သတင်းထောက် ကိုမျိုးဇော်ကို သတင်းပေးပို့ထားတာ နားဆင်နိုင်ပါတယ်။