တိုင်းရင်းသား တန်းတူအခွင့်အရေးနဲ့ မူးယစ်ကိစ္စ ၈၈ မျိုးဆက် ပြောကြား

၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့အဖွဲ့ဟာ ဒီကနေ့လားရှိုးမြို့ကိုရောက်ရှိပြီး ဒေသခံတွေ နဲ့ တွေ့ဆုံပြီး လူထုအစည်းအဝေး ကျင်းပတဲ့အခါမှာ တိုင်းရင်းသားတွေ အခွင့်အရေး တန်းတူညီမျှရရှိရေးနဲ့ မူးယစ်ဆေးဝါး စိုက်ပျိုးရောင်းချမှုကိစ္စတွေကို ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က အဓိကထားပြီး ပြောကြားသွားပါတယ်။

ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ပထမနေ့အဖြစ် ဒီကနေ့ညနေပိုင်းမှာ လာရှိုးမြို့၊ တောရပရိယတ္တိ စာသင်တိုက်မှာ ကျင်းပပြုလုပ်ရာမှာ ဒေသခံပြည်သူ ၃၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။ ဒီရှမ်းပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုပြုံးချိုက RFA ကို အခုလို ပြောပါတယ်။

"ကျတော်တို့ဟာ အကျဉ်းထောင်က ပြန်လည်ထွက်လာကတည်းက မြန်မာနိုင်ငံမြို့တွေမှာ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခရီးစဉ် ထွက်ခွာပြီးတော့၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတာရှိတယ်၊ အမြင်ခြင်းဖလှယ်တာရှိတယ်၊ အခြေအနေမှန်ကို သိရှိဖို့အတွက် သူတို့ဒေသမှာဖြစ်တဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ပွင့်ပွင့်လင်းလင်း တိုင်ပင်ဆွေးနွေးတာတွေရှိတယ်"

ဒီဟောပြောပွဲမှာ မြန်မာ့ရှားပါးသစ်ခွတွေကို တရုတ်နိုင်ငံကို တင်ပို့ရောင်းချတာတွေကို ဟန့်တားနိုင်ဖို့အတွက်လည်း လိုအပ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေက ဟောပြောခဲ့ကြပါတယ်။

ကိုမင်းကိုနိုင်တို့အဖွဲ့ဟာ နောက်နေ့တွေမှာလည်း နမ္မတူ၊ ဟိုပန်၊ ချင်းရွှေဟော်၊ လောက်ကိုင်၊ သီပေါ စတဲ့မြို့တွေက ဒေသခံတွေနဲ့တွေ့ဆုံပြီး လူထုတွေ့ဆုံပွဲတွေ၊ဟောပြောပွဲတွေ ကျင်းပသွားမှာဖြစ်ပါတယ်။