မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်နေကြတဲ့ ၈၈မျိုးဆက် ခေါင်းဆောင်များအဖွဲ့ဟာ ဒီကနေ့မွန်းလွဲပိုင်းက အာဇာနည်နေ့ အထိမ်းအမှတ် စာပေဟောပြောပွဲပြုလုပ်ခဲ့သလို အခုလ စောစောပိုင်းက မလေးရှားနိုင်ငံမှာ အကြမ်းဖက်သမားတွေရဲ့ အသတ်ဖြတ်ခံရသူ မြန်မာနိုင်ငံသား ကိုရဲဝင်းထွန်းရဲ့ဈာပနအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
စာပေဟောပြောပွဲပြုလုပ်ချိန်နဲ့ ဈာပန အခမ်းအနားပြုလုပ်ချိန်တိုက်ဆိုင်နေတာကြောင့် လူခွဲပြီး တက်ရောက်ခဲ့ရတယ်လို့ ဈာပနအခမ်းအနားကို သွားရောက်ခဲ့သူ ကို ဂျင်မီက ပြောပါတယ်။
ကွာလာလမ်ပူမြို့မှ ာ ကျင်းပတဲ့ အာဇာနည် နေ့အထိမ်းအမှတ် စာပေဟောပြောပွဲမှာတော့ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ ကိုမင်းကိုနိုင်နဲ့ ကိုဂျင်မီတို့ ဟောပြေကြပြီး မြန်မာနိုင်ငံသား ၁၅၀၀ကျော်လာရောက်နားထောင်ခဲ့တယ်လို့ သိရပါတယ်။
ဒီအတောအတွင်းမှာ မြန်မာနိုင်ငံရဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွေမှာ ရင်းနှီးမြုပ်နှံမယ့် ဂျပန်အစိုးရ ရဲ့ ကူညီမှုတွေနဲ့ ပတ်သက်ပြီး လေ့လာဖို့အတွက် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက လယ်ယာစီးပွားနဲ့ တောင်သူ လယ်သမားရေးရာတာဝန်ခံ ကိုထွန်းမြင့်အောင်ဟာ ဂျပန်နိုင်ငံကို ဒီကနေ့ ရောက်ရှိသွားပါတယ်။
ဂျပန်နိုင်ငံက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုထဲမှာ လယ်ယာမြေကိစ္စတွေပါဝင်တဲ့အတွက် အခုလို သွားရောက် လေ့လာမှာဖြစ်တယ်လို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။
သူ့အနေနဲ့ လာမယ့် သီတင်းပတ်မှာကျင်းပမဲ့ ဂျပန်ုနိင်ငံက ရွေးကောက်ပွဲတွေကိုလဲ လေ့လာဖို့ စီစဉ်ထားသလို ဂျပန်အစိုးရအဖွဲ့ဝင်တွေ နဲ့ NGO အဖွဲ့အစည်းတွေအပါအဝင် ဂျပန်နိုင်ငံရောက် မြန်မာမိသားစုတွေကိုလဲ တွေ့ဆုံမယ်လို့ ပြောပါတယ်။