၈၈ မျိုးဆက် ကိုကိုကြီးရဲ့"ပြောချင်လို့ ပြောခဲ့တာတွေ" စာအုပ်မိတ်ဆက်ပွဲ ကျင်းပ

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ "ပြောချင်လို့ ပြောခဲ့တာတွေ" အင်တာဗျူးများ အပိုင်း(၁) စာအုပ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းမှာ ရှိတဲ့ Home (House of media & Entertainment) မှာ ဒီကနေ့ နေ့လည် (၁) နာရီက ကျင်းပခဲ့ပါတယ်။

ဒီစာအုပ်ကို စုစည်းထုတ်ဝေရတာဟာ နောင်တစ်ချိန်မှာ မှတ်တမ်း မှတ်ရာတစ်ခုအနေနဲ့ ကျန်ရစ်ခဲ့ စေချင်တာကြောင့်လို့ ကျောင်းသား ခေါင်းဆောင် ကိုကိုကြီးက စာအုပ် မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။

"အခုကတော့ ဒီစာအုပ်မှာ ဒါကျွန်တော် များသောအားဖြင့် လွှတ်တဲ့ အချိန်ကစပြီးတော့ ၃ လစာလောက် အဲဒီလောက်ပဲ စုစည်းနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ကျွန်တော်တတ်နိုင်သလောက် စုစည်းပြီးတော့ အတွဲ ၂၊ အတွဲ ၃ ဆက်ထွက်နိုင်ဖို့လည်း ကျွန်တော်ကြိုးစားပါမယ်။ အဲတာကလည်း အဓိကက ကျွန်တော်တို့ မှတ်တမ်း မှတ်ရာလေးအဖြစ် ကျန်ခဲ့အောင်နဲ့ ဒါကျွန်တော့်ကို ဒီအကြောင်းအရာ တစ်ခုချင်းနဲ့ ပတ်သက်လို့ ပြောခဲ့ဆိုခဲ့တာ၊ နောက်လူတစ်ယောက်က အခုပြောခဲ့တဲ့ဟာနဲ့ ကျွန်တော် နောင်တချိန် ဒီကိစ္စမျိုး ကြုံလာခဲ့ရင် ကျွန်တော် ဘာပြောမလဲဆိုတာ အားလုံးဟာ မှတ်တမ်းအဖြစ်နဲ့ တိုက်ဆိုင်ပြီးတော့ လေ့လာနိုင်တဲ့ အခြေအနေမျိုးလည်း ဒီစာအုပ်ကနေပြီးတော့ ကျွန်တော်တို့ အကျိုးဆက် တစ်ခုလည်း ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

အဲဒီ စာအုပ်မိတ်ဆက်ပွဲမှာ ကျောင်းသားခေါင်းဆောင် ကိုကိုကြီးရဲ့ စာအုပ်တွေကို တစ်အုပ် (၁၅၀၀) ကျပ်နဲ့ ရောင်းချပေးခဲ့ပြီး သူကိုယ်တိုင် အမှတ်တရ လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။

အဲဒီ စာအုပ်မိတ်ဆက်ပွဲကို လူဦးရေ (၁၅၀) နီးပါးလောက် တက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ အနုပညာရှင် ကိုဇာဂနာနဲ့ သတင်းစာဆရာ မောင်ဝံသတို့က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သလို အယ်ဒီတာ ဦးဇော်သက်ထွေးက အခမ်းအနားမှူးအဖြစ် ကျင်းပခဲ့ပါတယ်။