၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းအကြောင်း ဟောပြော

ကိုမင်းကိုနိုင် အပါအဝင် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် (၄) ဦးဟာ ပဲခူးတိုင်း ပြည်၊ ရွှေတောင်၊ နတ်တလင်း၊ ပေါင်းတည် စတဲ့ မြို့တွေကို သွားရောက်ပြီး ပွင့်လင်း လူ့အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဆွေးနွေး ဟောပြောကြောင်း သိရပါတယ်။

ဆွေးနွေးပွဲတွေမှာ အရပ်ဘက် အဖွဲ့အစည်းတွေ လာရောက်ကြသလို ပြည်မြို့မှာဆိုရင် အထက်တန်း ကျောင်းသားတွေကိုလည်း ဟောပြောခဲ့ကြောင်း ပွင့်လင်းခရီးစဉ်မှာ ပါဝင်သူ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက RFA ကို ပြောပါတယ်။

"ကျွန်တော်တို့ ပွင့်လင်း လူ့အဖွဲ့အစည်း ဖော်ဆောင်ရေးပေါ့၊ အဲဒီ ခရီးစဉ် ကျွန်တော်တို့က မနက် ၁၀ နာရီ ရောက်တယ်။ ပြည်သူတွေနဲ့ တွေ့တယ်။ ပြည်သူတွေနဲ့ တွေ့တယ်ဆိုတဲ့ နေရာမှာ ကျွန်တော်တို့ အရပ်ဘက် လူ့အဖွဲ့အစည်းနဲ့ တွေ့တယ်။ ပြည်မြို့နယ် တစ်ခုထဲမဟုတ်ဘူး။ မြို့နယ်စုံပါတယ်။ ပြီးတော့ ကျွန်တော်တို့ တောင်သူ လယ်သမားတွေနဲ့ ဆက်တွေ့တယ်။ နောက်တခါ ကျွန်တော်တို့ အထက်တန်းပညာ သင်နေတဲ့ ကျောင်းသားလေးတွေနဲ့ ကျွန်တော်တို့ တွေ့တယ်။ တွေ့ပြီးတော့ ကျွန်တော်တို့ ဒီပွင့်လင်း လူ့အဖွဲ့အစည်း ဟောပြောပွဲတွေ ဆက်တိုက်လုပ်တယ်။ အခုရွှေတောင်မှာ ပွင့်လင်းလူ့အဖွဲ့အစည်း အကြောင်း စကားနည်းနည်း ပြောမယ်။ ရွှေတောင်ပြီးရင် ပေါင်းတည်၊ နတ်တလင်း အဲဒီကို ခဏဝင်မယ်။ အဲဒီကနေ ရန်ကုန်ကို တောက်လျှောက် ပြန်မယ်"

ရွှေတောင်မြို့မှာဆိုရင် လူထောင်ဂဏန်းထိ တက်ရောက်ကြတယ်လို့ သိရပါတယ်။ ၈၈ မျိုးဆက် ကျောင်းသားတွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုဂျင်မီ၊ စမ်းချောင်း ကိုကိုကြီး၊ ကိုမျိုးအောင်နိုင်တို့ဟာ ပွင့်လင်း လူ့အဖွဲ့အစည်း ခရီးစဉ်အဖြစ် ပဲခူးတိုင်း အနောက်ဘက်ခြမ်းကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။