ရှစ်လေးလုံး ငွေရတုအခမ်းအနား တက်ရောက်ဖို့ အစိုးရနဲ့ လွှတ်တော်ကို ဖိတ်ကြား

သြဂုတ်လ ၈ ရက်နေ့မှာ ကျင်းပမယ့် ရှစ်လေးလုံး ငွေရတုအခမ်းအနားကို တက်ရောက်ဖို့ အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့် နဲ့ အစိုးရအဖွဲ့ဝန်ကြီးတွေကို ၈၈ မျိုးဆက်ပွင့်လင်း လူ့အဖွဲ့အစည်းခေါင်းဆောင်တွေက နေပြည်တော်ကို မနေ့ကသွားရောက်တွေ့ဆုံ ဖိတ်ကြားခဲ့ကြောင်း သိရပါတယ်။

၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုကိုကြီး၊ ကိုဂျင်မီ၊ ကိုမြအေး နဲ့ ကိုသက်ဇော်တို့ သွားရောက် ဖိတ်ကြားခဲ့ကြတာပါ။ ၈၈ မျိုးဆက်တွေရဲ့ ငွေရတုအခမ်းအနား ရည်ရွယ်ချက်အပေါ် သဘောထားအမြင်တွေ ပြောပြခဲ့ကြတယ်လို့ ကိုဂျင်မီက ပြောပါတယ်။

ဇူလိုင် ၁၄ ရက်နေ့ကလည်း ကိုမြအေးဦးဆောင်တဲ့ ရှစ်လေးလုံး ငွေရတု အခမ်းအနားကျင်းပရေး လုပ်ငန်းကော်မတီဝင်တွေဟာ ထိုင်းနိုင်ငံကို သွားရောက်ခဲ့ပြီး နယ်စပ်အခြေစိုက် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ DPNS၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ KNU ကရင်အမျိုးသားအစည်းအရုံးက ခေါင်းဆောင်တွေကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ ငွေရတုအခမ်းအနား တက်ရောက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။