အင်းလေးကန်ကို မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ထိန်းသိမ်းဖို့ ရည်ရွယ်ပြီး ရေးဖွဲ့ခဲ့တာလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
“ကြမ်းတမ်းတဲ့ အခြေအနေတစ်ခုကို ရောက်သွားတဲ့ အချိန်မှာလည်း ကျွန်တော်တို့ သီချင်းတွေဆိုရင်း၊ ကဗျာတွေရွတ်ရင်း ကြမ်းတမ်းတဲ့ အစာတွေကို ကျွန်တော်တို့ စားနေခဲ့တယ်။ အိပ်ရာပေါ်မှာ ကျွန်တော်တို့ အိပ်နိုင်ခဲ့တယ်။ အနုပညာနဲ့ ကျွန်တော်တို့ ကျေကျေနပ်နပ်ကြီး ဖြတ်သန်းခဲ့တယ်။ အခက်အခဲတွေ အားလုံးဟာ တေးဆိုငှက် တစ်ကောင်အတွက် အင်မတန်သာယာတဲ့ အခြေအနေတစ်ခုကို ကျွန်တော်တို့ စိတ်ကူးအိပ်မက် ဖန်တီးနိုင်ခဲ့တယ်။ အဲဒီလိုနဲ့ ဝတ္ထုတစ်ပုဒ်ကို ကျွန်တော်ရေးချင်တယ်။ နိုင်ငံရေးသမားကို ဇာတ်ကောင်ဖွဲ့ပြီးတော့ ဒီဝတ္ထုကို ကျွန်တော်ရေးချင်တယ်။ ဟိုတုန်းကလူတွေ အရှိကို အရှိအတိုင်း ထားခဲ့တဲ့ ဒီအင်းလေးကန်ကြီးဟာ အခုဘာဖြစ်နေလဲ။ အင်းလေးကန်ကြီးကို ငါတို့ဘာလုပ်နိုင်မလဲ ဆိုတဲ့ အဲအတွေးတစ်ခုကို ရတာ။ ဒီ လမင်းစန္ဒာ အင်းလေးကန်သာ ဆိုတဲ့စာအုပ်ကို ရေးဖို့ ဖြစ်လာတာ”
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြည်သူ့ဘက်တော်သား ထောင်ထွက်တွေရေးတဲ့ ဝတ္ထုဟာ ပြည်သူတွေဆီ တစ်စုံတစ်ရာ ရောက်သွားရင် ကျေနပ်စရာ ဖြစ်တယ်လို့ ဒီကနေ့ စာအုပ်မိတ်ဆက်ပွဲမှာ ပြောကြားခဲ့ပါတယ်။
“ထောင်ထွက်တွေရဲ့ အနုပညာဟာ ဘာပဲဖြစ်ဖြစ် တစ်စုံတစ်ရာ ပြည်သူတွေဆီ၊ စာဖတ်သူတွေဆီကို၊ ပရိသတ်တွေဆီကို ရောက်တယ်။ ပရိသတ်က အတိုင်းအတာ တစ်ခုအထိ ခွင့်ပြုတယ်၊ ကျေနပ်တယ်ဆိုရင် ကျွန်တော်တို့ ပြီးခဲ့တဲ့ အမှောင်ခေတ်ကြီး တလျှောက်လုံးမှာ အဲဒီအမှောင်ကို အန်တုခဲ့တဲ့ သူတွေဟာ ပြည်သူ့ ဘက်တော်သားတွေ ဖြစ်တယ်ဆိုတာကို ပေါ်မယ်လို့ ထင်ပါတယ်။ ဆက်ပြီးတော့ ထောင်ထွက် အနုပညာများ အများရဲ့အားပေးမှုကို ခံရပါစေလို့ ဆန္ဒပြုပါတယ်”
ကိုဂျင်မီဟာ ဒီဝတ္ထုကို ရှမ်းပြည်နယ် တောင်ကြီးထောင်မှာ ၂၀၁၀ ခုနှစ်ကတည်းက ရေးဖွဲ့ခဲ့တာဖြစ်ပြီး အဓိက ဇာတ်ကောင်တွေကတော့ ရှမ်းပြည်နယ် လူငယ် ဝန်ကြီးချုပ်နဲ့ အင်းလေးရိုးရာ အဝတ်အထည်တွေကို ရောင်းတဲ့ အမျိုးသမီး စီးပွားရေးသမားတို့ရဲ့ ချစ်ခြင်းမေတ္တာကို ရေးဖွဲ့ထားပါတယ်။ ကိုဂျင်မီရဲ့ လမင်းစန္ဒာ အင်းလေးကန်သာဝတ္ထုကို Lucky Seven ဗီဒီယို ထုတ်လုပ်ရေးက ရုပ်ရှင်ရိုက်ကူးဖို့ ဝယ်ယူထားတယ်လို့ သိရပါတယ်။
၈၈ မျိုးဆက် ကျောင်းသားတွေထဲက ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေးတို့ရဲ့ စာအုပ်တွေလည်း မကြာသေးခင်က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။
ဒီစာအုပ်နဲ့ပတ်သက်ပြီး ကိုဂျင်မီကို ကိုဉာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။