၈၈ မျိုးဆက် ကိုဂျင်မီနှင့် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့မှာ ဖြစ်ပွားနေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အရေးကိစ္စနဲ့ ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးတို့ မနေ့ ညက တွေ့ဆုံဆွေးနွေး ခဲ့ပြီးနောက် ဒီကနေ့ မနက်ပိုင်းကစလို့ အဲဒီဒေသမှာ တပ်ဖြန့်ချထားတဲ့ လုံခြုံရေး တပ်တွေကို ဖယ်ရှားပေးလိုက်ပြီလို့ သိရပါတယ်။

2012.09.13
88-gs-jimmy-copper-mine-b305 ၂၀၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်က ၈၈ မျိုးဆက် ကိုဂျင်မီက စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေးနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအရေး တွေ့ဆုံဆွေးနွေးပြီး ဒေသခံ ပြည်သူများအား ရှင်းလင်းပြောပြနေစဉ်။
RFA

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီဟာ ဖမ်းဆီးခံထားရသူတွေ ပြန်လွှတ်ပေးဖို့ ကိစ္စကိုလည်း ဝန်ကြီးချုပ် ဦးသာအေး ခေါင်းဆောင်တဲ့ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့နဲ့ အလေးထား ဆွေးနွေးခဲ့တယ်လို့ RFA ကို ဒီကနေ့ ပြောပါတယ်။

"စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးသာအေး အပါအဝင် အစိုးရအဖွဲ့နဲ့ ကျွန်တော်တွေ့တယ်။ စစ်ကိုင်းတိုင်း အစိုးရအဖွဲ့က ကျွန်တော့်ကို အကြောင်းပြန်တာကတော့ လူတွေ ပြန်လွှတ်ရေး ကိစ္စက တရားရုံး လုပ်ထုံး၊ လုပ်နည်းနဲ့ အညီ ထိန်းသိမ်းထားတာ ဖြစ်တဲ့အတွက် တရားရုံးလုပ်ထုံး၊ လုပ်နည်းနဲ့ အညီပဲ ပြန်လွှတ်လို့ရမယ်လို့ ဆိုတယ်။ အဲတော့ ကျွန်တော်တို့ အချိန်တစ်ခု စောင့်ရမယ်လို့ ပြောတယ်။ ဆန္ဒပြပွဲမှာ ပါဝင်တဲ့သူတွေကို နောက်ဆက်တွဲ အရေးယူတာတွေကို မလုပ်ပါဘူး။ ကျောင်းသားတွေ ကိုလည်း ကျောင်းထုတ် ပစ်တာမျိုးတွေ မလုပ်ပါဘူး ဆိုပြီး အဲဒီ ကတိပြုချက် ရတယ်။ သူက ဒေသအတွင်းမှာ ရှိနေတဲ့အတွက် လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပဲ တာဝန်ယူထားရတာကိုး။ အဲတော့ ပြည်ထောင်စု အစိုးရအဆင့်မှာ ဆောင်ရွက်ရမဲ့ ကိစ္စတွေ အများကြီးပဲ ရှိနေသေးတဲ့အတွက် သူတို့နဲ့ မပြီးနိုင်ဘူးလို့ ဆိုတယ်"

ကိုဂျင်မီဟာ လက်ပံတောင်းတောင် အရေးကို အကူအညီပေးဖို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ ကိုယ်စားလှယ်အဖြစ် မနေ့က မုံရွာမြို့ကို သွားရောက်ခဲ့တာဖြစ်ပြီး သူနဲ့ ဝန်ကြီးချုပ် ဆွေးနွေးခဲ့တာတွေ အကောင်အထည် ပေါ်လာမှုရှိ၊ မရှိဆိုတာ စောင့်ကြည့်ဖို့ မုံရွာမြို့ မဂ္ဂင် ဘုန်းကြီးကျောင်းမှာ ဒီကနေ့ ဒေသခံတွေနဲ့ တွေ့ဆုံ ပြောကြားခဲ့ပါတယ်။

တပ်ဖြန့်ထားတဲ့ လုံခြုံရေးတပ်တွေ ရုပ်သိမ်းသွားပြီ ဆိုပေမယ့် ရဲကားတွေကတော့ မြို့ပေါ်မှာ ကင်းလှည့်တာ တွေ့နေရဆဲပဲလို့ ဝက်မှေး ရွာသားတွေက ပြောပါတယ်။

ဒါ့အပြင် လက်ပံတောင်းတောင် အရေးနဲ့ ပက်သက်ပြီး မကွေး၊ ပခုက္ကူ၊ ရေနံချောင်း၊ မိထ္ထီလာ စတဲ့မြို့တွေက ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့ မြေလတ်ဒေသ ဗကသများ အဖွဲ့ချုပ်က အချက် (၄) ချက်ပါ ကြေညာချက် တစ်စောင်ကို ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

လက်ပံတောင်းတောင် အရေးအတွက် လှုပ်ရှားဆောင်ရွက် သူတွေကို လိုက်လံ ဖမ်းဆီးနေတာကို ဆန့်ကျင် ကန့်ကွက်တဲ့အနေနဲ့ အခုလို ကြေညာချက် ထုတ်ပြန်ရတာ ဖြစ်တယ်လို့ မြေလတ်ဒေသ ဗကသများအဖွဲ့ချုပ် အတွင်းရေးမှူး ကိုမင်းသော်ဇင်က ပြောပါတယ်။

"လက်ပံတောင်းတောင်မှာ ကြေးနီ စီမံကိန်းကို နိုင်ငံခြား ကုမ္ပဏီတွေ ဝင်ရောက်လုပ်နေတဲ့အပေါ်မှာ ဒေသခံ တောင်သူ လယ်သမားတွေရဲ့ လယ်ယာမြေတွေကို ထိခိုက်တယ်။ နောက် ကျေးရွာတွေကို ရွှေ့ပြောင်းရတယ်။ ပြည်သူလူထုဟာ ထိခိုက် ဆုံးရှုံးနေရတယ်။ ထိခိုက်နစ်နာ ဆုံးရှုံးနေရတာကို ကျောင်းသားတွေက ပြည်သူ လူထုရှေ့မှာ မားမားမတ်မတ်ရပ် ဝင်ရောက်ဖြေရှင်းတယ်။ အဲဒီလိုဖြေရှင်းတဲ့ အပေါ်မှာ မိဘပြည်သူ ဖြစ်တဲ့ တောင်သူလယ်သမားတွေကို ဖမ်းဆီးတယ်။ ကျောင်းသားတွေ ကို ဖမ်းဆီးဖို့အတွက် ညဉ့်နက်သန်းခေါင်မှာ ရဲတွေက ဝင်ရောက်စီးနင်း ရှာဖွေမှုတွေလုပ်တယ်။ ဒီဟာကို ကျွန်တော်တို့က ပြင်းထန်စွာ ကန့်ကွက်တယ်ဆိုတာကို ပြောတာပါ"

မြေလတ်ဒေသ ဗကသများ အဖွဲ့ချုပ်အနေနဲ့ လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် အခွင့်အရေး ချိုးဖောက်ခံရတဲ့ ပြည်သူတွေအရေး ကိစ္စတွေမှာ ကူညီပါဝင် ဆောင်ရွက်ပေးသွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီစီမံကိန်းကို တရုတ်ဝမ်ပေါင်ကုမ္ပဏီနဲ့ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီတို့ ပူးတွဲ အကောင်အထည်ဖော်နေတာ ဖြစ်ပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုဂျင်မီနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။